နေပြည်တော် ဇွန် ၄
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေ ၄ နာရီတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ Foundation For Life and Culture Movement ကိုရီးယားကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံမှ စိုက်ပျိုးရေးနှင့်မွေးမြူရေးအလုပ်သမားများအား ရာသီလုပ်သားခေါ်ယူရေးနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ညနေ ၅ နာရီခွဲအချိန်တွင် ကျင်းပသည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ နေပြည်တော်ကောင်စီငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများအား အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တက်ရောက်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက နေပြည်တော်ကောင်စီ ငွေလုံး ငွေရင်းရန်ပုံ ငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများအား သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီး ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး၊ သတ်မှတ်စံချိန်စံညွှန်းပြည့်မီစေရေးတို့ကို မှာကြားပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း