မြစ်ကြီးနား ဇွန် ၄
၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းများအားလုံးကို နိုင်ငံတစ်ဝှမ်း ယနေ့ နံနက်ပိုင်းမှ စတင်ဖွင့်လှစ်ပြီး ပညာသင်ကြားလျက်ရှိရာ ကချင်ပြည်နယ် အခြေခံပညာဦးစီးဌာနအောက်ရှိ မြစ်ကြီးနားမြို့ပေါ်မှ အခြေခံပညာ ထက်၊ လယ်၊ မူ ကျောင်းများအားလုံးကိုလည်း စတင်ဖွင့်လှစ်၍ အေးချမ်းစွာ ပညာသင်ကြားနေမှုကို ပြည်နယ်ဝန်ကြီး ချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာနှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ပြည်နယ်ပညာရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းဖွင့်ချိန် ကျောင်းတက် ရောက်ရန် လာရောက်ကြသည့် ကျောင်းသား/ ကျောင်းသူများ၊ ကျောင်းသားမိဘများ၊ ဆရာ/ ဆရာမ များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြပြီး စာသင်ဆောင်များအတွင်း ဘာသာရပ် အလိုက် ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြား နေမှုများကို လည်းကောင်း၊ ကျောင်း၏ သုတရတနာစာကြည့်တိုက်ဖွင့်လှစ်ထားရှိမှုနှင့် ကျောင်းသား/ကျောင်းသူများ သုတ/ရသစာအုပ်စာစောင်များ ဖွင့်လှစ်သင်ကြားနေမှုကို လှည့်လည် ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းတက်ရောက်မှု အခြေအနေများနှင့် သင်ကြားရေးလုပ်ငန်းများ စတင်ဆောင်ရွက်နေမှုများကို သက်ဆိုင်ရာ ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့်အတူ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က Grade -12 ကျောင်းသား/ ကျောင်းသူများအား သင်ကြားနေမှုနှင့် ပညာကို ဂရုစိုက်လေ့လာသင်ကြား ကြရေး အားပေးမှာကြားခဲ့သည်။
ထို့အပြင် ကချင်ပြည်နယ်အတွင်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် မြစ်ကြီးနားမြို့ပေါ်၌ အခြေခံ ပညာကျောင်းပေါင်း (၁၃၀) ဖွင့်လှစ်သင်ကြားလျက်ရှိသည့်အပြင် မြစ်ကြီးနားမြို့ပေါ်ရှိ မြစ်ကြီးနားတက္ကသိုလ်တွင်လည်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဒုတိယနှစ်ဝက်သင်တန်းများနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပထမနှစ်အတွက် လည်းကောင်း၊ နည်းပညာတက္ကသိုလ် (မြစ်ကြီးနား)တွင် ဘာသာရပ်များအလိုက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဒုတိယနှစ်ဝက်သင်တန်းများနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပထမနှစ်သင်တန်းများကို လည်းကောင်း၊ ကွန်ပျူတာတက္ကသိုလ် (မြစ်ကြီးနား) တွင်လည်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ်နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်များအတွက် စတင်ဖွင့်လှစ်ပြီဖြစ်ရာ ဘာသာရပ်များ အလိုက် သင်တန်းနှစ်အလိုက် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းလုံခြုံစွာစတင် ပညာသင်ကြား လျက်ရှိကြောင်း သိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားလေဆိပ်သို့ သွားရောက်ပြီး ၂၀၂၄ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲတွင် ကချင်ပြည်နယ်မှ အမျိုးသားအသင်းနှင့် အမျိုးသမီးအသင်းတို့သည် တတိယဆုကို အသီးသီးဆွတ်ခူးရရှိသဖြင့် လေဆိပ်၌ ဘင်ခရာ၊ ပန်းပွားအဖွဲ့များ၊ လီဆူရိုးရာယဉ်ကျေးမှုအကအလှများနှင့်အတူ ဂုဏ်ပြုကြိုဆိုခဲ့ကြ သည်။
ဆက်လက်၍ လေဆိပ်ဧည့်ခန်းမဆောင်၌ ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့အစိုးရအဖွဲ့ စတင် တာဝန်ယူချိန်ကစ၍ ပြည်နယ်၏ အားကစားအဆင့်အတန်းတိုးတက်မြင့်မားရေးကို စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးတွင် မိမိတို့ပြည်နယ်သည် အဆင့်အတန်း တစ်ခုထိ ရပ်တည်နိုင်ပြီဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့ ပြည်နယ်ဂုဏ်ကို ထပ်မံမြှင့်တင်၍ တတိယဆုများ ရယူပေးခဲ့ကြသော လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းအား ဝမ်းမြောက်ဝမ်းသာ ဂုဏ်ယူပါကြောင်း ပြောကြားပြီး အသင်းအုပ်ချုပ်သူက ပြိုင်ပွဲဝင်ရောက်ခဲ့မှုနှင့် ဆုရရှိမှုတို့ကို ရှင်းလင်းတင်ပြခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်က လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေ ကျပ် ၁၅ သိန်းနှင့် ဂုဏ်ပြုကြိုဆိုရာတွင် ပါဝင်ကြသည့် အဖွဲ့အစည်းများအတွက် ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)