ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲ တက်ရောက်

မြစ်ကြီးနား ဇွန် ၄

ကချင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူးကျင်းပပြုလုပ်သည့် ဒေသတွင်း လူငယ်/လူရွယ်များအတွက် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို အဆိုပါရုံး လေ့ကျင့်ပျိုးထောင်ရေးစင်တာ၌ ယမန်နေ့က ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကား ပြောကြားခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းတက်ရောက်ကြမည့် လူငယ်/လူရွယ် များအနေဖြင့် ယနေ့သင်တန်းမှရရှိသည့် ပညာရပ်များကို တစ်ပိုင်တစ်နိုင် မိသားစုစီးပွားရေးမှ စတင်၍ ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်ကာ အသေးစားလုပ်ငန်းရှင်များအဖြစ်သို့ အကျိုးခံစားခွင့်များရရှိမည်ဖြစ်ပြီး နိုင်ငံတော်မှ အားပေးလျက်ရှိသည့် ပုဂ္ဂလိကအသေးစားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုတက်လာမှုကိုလည်း တစ်ဖက်တစ်လှမ်းက အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား/ သင်တန်းသူများအား သင်တန်းထောက်ပံ့စရိတ်ချီးမြှင့်ငွေများ၊ သင်ထောက်ကူပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် သင်တန်းသုံးကုန်ကြမ်းပစ္စည်းများကို အသီးသီး ထောက်ပံ့ပေးအပ်ကာ (၅)ကြာ ဖွင့်လှစ်သင်ကြားသွားမည့် ဘက်စုံသုံးဆပ်ပြာရည်၊ ခေါင်းလျှော်ရည်၊ ကော်ဖီ Scrub စသည့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်သွားမည့် ကုန်ကြမ်းပစ္စည်းများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

ထို့နောက် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌  နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ဒုတိယနှစ်စက်ဝန်းဖြင့် ပြည်နယ်အတွင် စိုက်ပျိုးမွေးမြူရေးနှင့်  ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်‌ရေးအတွက် ပြည်နယ်အဆင့် ကျေးရွာစီမံကိန်း ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် (၈/၂၀၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်အဆင့် ကျေးရွာစီမံကိန်း ကြီးကြပ်မှုကော်မတီနာယက ပြည်နယ်ဝန်ကြီးချုပ်က ရန်ပုံငွေ ဒုတိယနှစ်စက်ဝန်းဖြင့် ပြည်နယ်၏စီးပွားရေးနှင့် ကုန်ထုတ်လုပ်မှုများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် လုပ်ငန်းစီမံကိန်းများကို လက်စွဲစာအုပ်ပါ အချက်များနှင့်အညီ အမြန်ဆုံးချထားပေးနိုင်ရေး ယနေ့ ဆွေးနွေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားခဲ့သည်။

ဆက်လက်၍ ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းစီမံကိန်းများနှင့်စပ်လျဉ်း၍ အလေးထား လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များကို ဖတ်ကြားရှင်းလင်းတင်ပြပြီး ကော်မတီအတွင်းရေးမှူးက ရန်ပုံငွေဒုတိယနှစ်စက်ဝန်းအတွက် ရင်းနှီးမတည်ငွေများ လွှဲပြောင်းပေးအပ်မှု၊ လက်ခံကျန်ရှိမှုနှင့် ဆွေးနွေးဆုံးဖြတ်သွားရမည့် လုပ်ငန်းယူနစ်များကို ရှင်းလင်းတင်ပြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ပြည်နယ်အဆင့်ကော်မတီအဖွဲ့ဝင်များက ခရိုင်/မြို့နယ်များအလိုက် လုပ်ငန်းစီမံကိန်းများ‌ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ နယ်မြေအခြေအနေများ၊ ထပ်မံရင်းနှီးမတည်လိုသည့် လုပ်ငန်းစီမံကိန်းများကို ဆွေးနွေးတင်ပြကြသည်။

တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းစီမံကိန်းများအလိုက် မတည်ငွေများ လုပ်ထုံးလုပ်နည်းနှင့်အညီ ထပ်မံရင်းနှီးမတည်ပေးနိုင်ရေး၊ လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်၍ ဆွေးနွေးဆုံးဖြတ်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)