တာမွေ ဇွန် ၃
"ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့" ဆိုသည့် ဆောင်ပုဒ်နှင့် အညီ စည်းကမ်းပြည့်ဝပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီးကို တည်ဆောက်တဲ့နေရာမှာ ပညာရေးရဲ့ အခန်းကဏ္ဍဟာ များစွာအရေးကြီးတဲ့အတွက် ပညာရေးဝန်ကြီးဌာနက "ဘာသာရေး၊ လူမျိုးရေး၊ ကျား/မ ဆင်းရဲချမ်းသာ၊ မသန်စွမ်းနှင့် နိုင်ငံသားဖြစ်မှုဆိုင်ရာတို့ကို ခွဲခြားမှုမရှိဘဲ ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့် ရရှိစေရန်" ရည်ရွယ်၍ ၂၀၂၄ ခုနှစ် ဇွန်လ (၃)ရက်နေ့မှ စတင်ကာ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ အား တစ်ပြိုင်နက်တည်း ဖွင့်လှစ်ပညာသင်ကြားပေးလျက်ရှိရာ တာမွေမြို့နယ်ရှိ နားမကြားသော ကလေးများကျောင်း (ရန်ကုန်) တွင်လည်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအဆင့် ကျောင်းသား၊ ကျောင်းသူများအား ပညာရေးဝန်ကြီးဌာနမှ ပြဋ္ဌာန်းထားသည့် သင်ရိုးညွှန်းတမ်းများနှင့် အညီ လက်သင်္ကေတပြဘာသာစကားဖြင့် ပညာသင်ကြားပေးလျက်ရှိပြီး တာမွေမြို့နယ် အပါအဝင် အနယ်နယ်အရပ်ရပ်မှ အကြားအာရုံချိုတဲ့သော အခြေခံပညာအဆင့် ကျောင်းသား၊ ကျောင်းသူလေးများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြား လျက်ရှိကြောင်း သိရသည်။
အဆိုပါ တာမွေမြို့နယ်ရှိ နားမကြားသော ကလေးများကျောင်း (ရန်ကုန်)၌ အခြေခံပညာအဆင့် ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှု အခြေ အနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။
နားမကြားသော ကလေးသူငယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးစေရန်၊ နားမကြားသော ကလေးသူငယ်များ၏ ဉာဏ်ရည်နှင့် ဝါသနာထုံမှုအပေါ် မူတည်၍ ကျောင်းတွင်းပညာရေးနှင့် အသက်မွေးဝမ်းကြောင်း ပညာရပ်များ သင်ကြားပေးရန်၊ လူမှုဘဝပတ်ဝန်းကျင်တွင် လိုက်လျော ညီထွေစွာ နေထိုင်ဆက်ဆံတတ်စေရန်၊ သင်ကြားတတ်မြောက်ထားသော ပညာရပ်များဖြင့် မိမိဘဝ ရပ်တည်ထူထောင်နိုင်ပြီး အခြားသူများအပေါ် မီခိုလိုစိတ်များ လျော့နည်းစေရန်၊ အခြေခံပညာ ကျောင်းများသို့ တက်ရောက်နိုင်သော ကလေးသူငယ်များအား ပညာဆက်လက်သင်ယူနိုင်အောင် ဆောင်ရွက်ပေးရန် စသည့်ရည်ရွယ်ချက်ကောင်းများစွာဖြင့် အဆိုပါ နားမကြားသောကလေးများ ကျောင်း (ရန်ကုန်)ကို ၂၀၁၄ ခုနှစ် ဇွန်လ(၉)ရက်နေ့က စတင်တည်ထောင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းသား (၄၅)ဦးနှင့် ကျောင်းသူ (၂၆)ဦး စုစုပေါင်း (၇၁)ဦးကို လက်သင်္ကေတပြဘာသာစကားဖြင့် ပညာသင်ကြားပေးနိုင်ခဲ့ကြောင်း၊ ယခုအခါ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းသား (၄၂)ဦးနှင့် ကျောင်းသူ (၂၆)ဦး စုစုပေါင်း (၆၈)ဦးကို လက်သင်္ကေတပြ ဘာသာစကားဖြင့် ပညာသင်ကြားပေးလျက်ရှိပြီး ကျောင်းအပ်လက်ခံခြင်းများကိုလည်း ဆက်လက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုပညာသင်နှစ်မှစတင်၍ သူငယ်တန်း (KG)မှ (GRADE-6) အထိ တိုးမြှင့်ပညာသင်ကြားပေးနိုင်ခဲ့ကြောင်းနှင့် အနယ်နယ်အရပ်ရပ်မှ လာရောက်ပညာသင်ကြားသည့် ကျောင်းသား၊ ကျောင်းသူများ နေရာထိုင်ခင်း အဆင်ပြေစေရေးအတွက်လည်း ညအိပ်ဆောင်များအား စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။
နိုင်လင်းအောင်(ပြန်/ဆက်)