ပုဇွန်တောင် ဇွန် ၄
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ အသက်(၁)နှစ်မှ (၅)နှစ်အရွယ် ကလေးငယ်များကို Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်းအစီအစဉ်ကို ယမန်နေ့နံနက်ပိုင်းက ပုဇွန်တောင်မြို့နယ် အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၅)ရပ်ကွက်များရှိ စုရပ်များ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်း ဆောင်ရွက်ရာတွင် အသက် (၁)နှစ်မှ (၅)နှစ်အရွယ်ကလေးများအနက် ကာကွယ်ဆေးအကြိမ်ပြည့် မထိုးနှံရသေးသော ကလေးငယ်များနှင့် ကာကွယ်ဆေးတစ်ကြိမ်မျှမရရှိသေးသော ကလေးငယ်စုစုပေါင်း (၁၀၅)ဦးအား မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာနန်းလှထွန်း၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ငါးမျိုးစပ်ကာကွယ်ဆေး၊ ဝက်သက်-ဂျိုက်သိုးရောဂါကာကွယ်ဆေးနှင့် ပိုလီယိုရောဂါကာကွယ်ဆေးစသည်တို့ကို ယနေ့တွင် ထိုးနှံတိုက်ကျွေးပေးခြင်းဖြစ်ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
အဆိုပါဆေးထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခိုင်သီတာမြင့်နှင့် အဖွဲ့ဝင်များမှ လာရောက်ကြည့်ရှုအားပေးကာ လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပုဇွန်တောင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံ/တိုက်ကျွေးခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခြင်ဆေးဖျန်းခြင်း၊ သောက်သုံးရေများအတွင်း အဘိတ်ဆေးခတ်ခြင်း စသည့် လုပ်ငန်းများနှင့် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဟန်စုယဉ်