မိတ္ထီလာ ဇွန် ၄
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အလုပ်တွင် ထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့်ထုတ်ပေးခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က တပ်မတော်ချည်မျှည်နှင့် အထည်စက်ရုံအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး၊ လူမှုဖူလုံရေးရုံးမှ တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်ထွန်းက ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေအကြောင်း သိကောင်း စရာများဖြစ်သည့် အာမခံအလုပ်သမားများအကြောင်း၊ မကျန်းမာမှုအတွက် ဆေးကုသမှုခံယူခွင့်၊ မကျန်းမာမှုအတွက် ငွေကြေးအကျိုးခံစားခွင့်၊ ကိုယ်ဝန်ဆောင်မှုနှင့် မီးဖွားမှုအတွက် ဆေးကုသမှု၊ ငွေကြေးခံစားခွင့်နှင့် မီးဖွားစရိတ်ခံစားခွင့်၊ အာမခံအလုပ်သမားသေဆုံးလျှင် နာရေးစရိတ်ခံစားခွင့်၊ အလုပ်တွင်ထိခိုက်မှုကြောင့် အမြဲတမ်းမသန်စွမ်းမှု ငွေကြေးအကျိုးခံစားခွင့် စသည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်ထွန်းက မိတ္ထီလာမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော တပ်မတော်ချည်မျှည်နှင့် အထည်စက်ရုံမှ လုပ်ငန်းခွင်ပြင်ပတွင် ထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူ အကျိုး ခံစားခွင့် ငွေကျပ် ၇၂ သိန်းကို အာမခံအလုပ်သမား မမျိုးသန္တာ၏ ဖခင် ဦးစိုးနိုင်အား ပေးအပ်ခဲ့ရာ တပ်မတော်ချည်မျှည်နှင့် အထည်စက်ရုံမှ ဒုတိယစက်ရုံမှူး ဒေါ်စုစုဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး၊ လူမှုဖူလုံရေးရုံးမှ တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်ထွန်း၊ တပ်မတော်ချည်မျှည်နှင့် အထည်စက်ရုံမှ တာဝန်ရှိ သူများ၊ မိတ္ထီလာမြို့နယ် လူမှုဖူလုံရေးရုံးမှ ဦးစီးအရာရှိ ဒေါ်အိသဉ္ဇာမောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများ တတ်ရောက်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်