မော်လမြိုင် ဇွန် ၄
မွန်ပြည်နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူ (၃၄၆၈၀၄)ဦး အပ်နှံပြီးစီးခဲ့ပြီး ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ ကျောင်းများ တက်ရောက်၍ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ထိုသို့ ပညာသင်ကြားနေမှုများကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဇွန်လ ၃ ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ အမှတ် (၆)အခြေခံပညာအလယ်တန်းကျောင်းသို့ သွားရောက်၍ စာသင်ခန်းများတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာ စာသင်ကြားနေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပညာရေးကဏ္ဍအရည်အသွေး တိုးတက်မြင့်မားရေးကို အထူးအလေးပေးဆောင်ရွက်ပေးကြရန်၊ အခြေခံပညာကို ဆုံးခန်းတိုင်ပြီးမြောက်အောင် သင်ယူနိုင်ရေး၊ ပညာသင်ကြားရန်ခက်ခဲသော ကလေးများကို ပစ်ပယ်မထားဘဲ ပညာဆုံးခန်းတိုင်သင်ယူနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်ဖြင့် လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က စာသင်ကျောင်းဆောင်များအား လှည့်လည်ကြည့်ရှုခဲ့ပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းကာ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်ရောက် ပညာသင်ယူနေမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသူ၊ ကျောင်းသားများ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရန်၊ စာသင်ကျောင်းများ ဥပဓိရုပ်ကောင်းမွန်ပြီး သန့်ရှင်း၍ စိမ်းလန်းစိုပြေမှုရှိစေရန်နှင့် ကျောင်းကျန်းမာရေးကိစ္စများကို ဆောင်ရွက်ပေးကြရန် ပြောကြားပြီး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
မွန်ပြည်နယ်တွက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန်လ ၃ ရက်နေ့မှစတင်၍ ဖွင့်လှစ်ခဲ့ပြီး ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၁၃၈၅)ကျောင်းတွင် ကျောင်းသူ၊ ကျောင်းသား (၃၄၀၈၆၈)ဦး အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)