ရန်ကင်း ဇွန် ၄
“ကလေးငယ်တိုင်းရောဂါကင်းဝေးရေး ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံတိုက်ကျွေးပေး” ဆောင်ပုဒ်နှင့်အညီ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၌ အသက်(၁) နှစ်မှ (၅)နှစ်အရွယ် ကလေးငယ်များကို (Catch-up) နည်းလမ်းဖြင့် ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံ/တိုက်ကျွေးခြင်း အစီအစဉ်ကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၁၁)ရပ်ကွက် စန္ဒီမယ်တော်ဘုရားကျောင်းနှင့် အမှတ်(၁၅) ရပ်ကွက် ဘောက်ထော်စျေး စည်ပင်ရုံး စုရပ်နေရာ များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အသက်(၁)နှစ်မှ (၅)နှစ်အရွယ် ကလေးများအနက် ကာကွယ်ဆေး အကြိမ်ပြည့် မထိုးနှံရသေးသော ကလေးငယ်များနှင့် ကာကွယ်ဆေးတစ်ကြိမ်မျှ မရရှိသေးသော ကလေးငယ်များအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သီသီလတ်နှင့် ဝန်ထမ်းများက ငါးမျိုးစပ်ကာကွယ်ဆေး၊ ဝက်သက်-ဂျိုက်သိုးရောဂါကာကွယ်ဆေးနှင့် ပိုလီယို ရောဂါ ကာကွယ်ဆေး စသည်တို့ကို တိုက်ကျွေး၊ ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ရန်ကင်းမြို့နယ်တွင် အသက်(၁)နှစ်မှ(၅)နှစ်အရွယ် ကလေးငယ်များကို (Catch-up) နည်းလမ်းဖြင့် ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံ/တိုက်ကျွေးခြင်းကို ဇွန်လ ၁ ရက်နေ့မှ စတင်၍ ၇ ရက်နေ့အထိ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရပ်ကွက်များအတွင်းရှိ သတ်မှတ်နေရာများတွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လှလှထွေး (ပြန်/ဆက်)