တွံတေး ဇွန် ၄
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိ၍ မိသားစုဝင်ငွေတိုးပွားစေရန်၊ ဆင်းရဲမှုနှုန်း လျော့ကျစေရန်၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ တက်တင်းထိုးနည်း အိမ်တွင်းလက်မှုပညာသင်တန်း ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသက်ဦးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ပြောကြားခဲ့သည်။ ထို့နောက် နည်းပြ ဆရာမ ဒေါ်မေသူပြုံးက တက်တင်းထိုးနည်းအကြောင်း၊ အိမ်တွင်းလက်မှုပညာဖြစ်သည့် တက်တင်းထိုးနည်းပညာရပ်များကို လက်တွေ့သင်ကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ သင်တန်းသူ (၁၂)ဦး တက်ရောက်ခဲ့ပြီး ဇွန် ၃ ရက်နေ့မှ ၇ ရက်နေ့အထိ (၅)ရက်ကြာ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
တွံတေးသား