ငါန်းဇွန် ဇွန် ၄
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မိခင်ကလေးကျန်းမာရေးဌာနတွင် ဇွန်လ ၂ ရက်နေ့ နံနက် (၈)နာရီအချိန်က ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးစမှ (၂)နှစ်အောက် ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုးခြင်းနှင့် ဆေးတိုက်ခြင်းလုပ်ငန်းများ ပြုလုပ်ခဲ့သည်။
ကာကွယ်ဆေးထိုးခြင်းနှင့် ဆေးတိုက်ခြင်းလုပ်ငန်းများကို ငါန်းဇွန်မြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သားဖွားဆရာမ ဒေါ်ခင်သူသူဝင်းနှင့် ဝန်ထမ်းများမှ ယမန်နေ့ နံနက် (၈) နာရီအချိန်မှစ၍ မြို့ပေါ် (၄)ရပ်ကွက်ရှိ မွေးစမှ (၂)နှစ်အောက် ကလေးငယ်များကို ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။ ထို့ပြင် ကိုယ်ဝန်ဆောင်မိခင်များကိုလည်း ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့သည်။
ထိုးနှံပေးသည့် ကာကွယ်ဆေးအမျိုးအစားများမှာ ဘီစီဂျီ၊ အသည်းရောင်အသားဝါ(ဘီ)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ)၊ ပိုလီယို၊ ပိုလီယိုထိုးဆေး၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင်အသားဝါ(ဘီ)- ဦးနှောက်အမြှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်-ဂျိုက်ဘိုး စသည့်ကာကွယ်ဆေးများကို ထိုးနှံပေးပြီး ကာကွယ်ဆေးထိုး မှတ်တမ်းကဒ်များတွင် စနစ်တကျ မှတ်တမ်းရေးသွင်းပေးခဲ့ကြောင်း သိရသည်။ ယင်းပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ လိုအပ်သည်များ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကာကွယ်ဆေးများကို မြို့ပေါ်(၄)ရပ်ကွက်မှ ကလေးငယ်များအပြင် အဝေးမှလာရောက်သည့် ဧည့်သည်ကလေးငယ်များကိုလည်း ကာကွယ်ဆေးထိုးရက်မကျော်လွန်စေရန်အတွက် ကာကွယ်ဆေးထိုးနှံပေးခဲ့ရာ စုစုပေါင်းကာကွယ်ဆေးထိုးနှံသူ ကလေးငယ် (၇၀)ဦးနှင့် ကိုယ်ဝန်ဆောင်မိခင် (၁၆)ဦး လာရောက်၍ ကာကွယ်ဆေး ထိုးနှံခဲ့ကြောင်း သိရသည်။
ကိုကိုနိုင်(ပြန်/ဆက်)