စစ်တွေ ဇွန် ၄
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုကို လှည့်လည်ကြည့်ရှု အားပေးကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုကို လှည့်လည်ကြည့်ရှုအားပေးကာ ကျောင်းအတွက် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ကျောင်းတက်လမ်းရပ်ကွက်၊ အခြေခံပညာမူလတန်းလွန်ကျောင်းနှင့် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုကို လှည့်လည်ကြည့်ရှု အားပေးစကား ပြောကြားကာ ကျောင်းပတ်ဝန်းကျင် သန့်ရှင်သာယာလှပရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် လိုအပ်သည်များကို ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် တာဝန်ရှိကို မှာကြားခဲ့သည်။
ကျောင်းသား၊ ကျောင်းသူများအား လှည့်လည်ကြည့်ရှု အားပေးစကားပြောကြားစဉ် ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာကိုကြိုးစားသင်ယူကြခြင်း၊ ပညာတတ်ခြင်းသည် မိဘ၊ ဆရာသမားများအား ကျေးဇူးဆပ်ခြင်းဖြစ်ကြောင်း၊ မိမိဘဝတိုးတက်အောင် ဆောင်ရွက်ရာတွင် မိမိတို့ကိုယ်တိုင်ကြိုးစားမှ အောင်မြင်မှုများရရှိမည်ဖြစ်ကြောင်း၊ ပညာရေးသည် ဒေသဖွံ့ဖြိုးရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအရေးပါသည့်အတွက် တန်းစဉ်အဆင့်ဆင့်တွင် ကြိုးစားသင်ယူကြစေလိုကြောင်း၊ မိမိတို့ကျောင်း၊ မိမိတို့မြို့၊ မိမိတို့ပြည်နယ် ဂုဏ်တက်စေရန် ထူးချွန်ထက်မြက်သောသူများဖြစ်အောင် ပညာကိုကြိုးစားသင်ယူကြစေလိုကြောင်း၊ သို့မှသာ နောင်တချိန်တွင် ပြည်နယ်အတွက်၊ နိုင်ငံအတွက် အားကိုးအားထားပြုရသော ထူးချွန်ထက်မြတ်သည့် လူတော်၊ လူကောင်းများ ဖြစ်လာမည်ဖြစ်ကြောင်းနှင့် ဆရာ၊ ဆရာမများ၏ သင်ကြားပို့ချမှုများကို စိတ်ဝင်တစားဖြင့် ကြိုးစားသင်ယူကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)