အားကစားနှင့်ကာယပညာသိပ္ပံ (မန္တလေး) ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အားကစားနှင့် ပညာရေး ပေါင်းစပ်သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

မဟာအောင်မြေ ဇွန် ၄

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်က အဖွင့်အမှာစကား ပြောကြားရာတွင် တိုင်းရင်းသားပြည်သူများရဲ့ လူမှုစီးပွားရေးဘဝနဲ့ ပညာရေး၊ ကျန်းမာရေးစတဲ့ အဆင့်အတန်းတွေ မြင့်မားလာစေရန်အတွက် ပညာရည်ပြည့်ဝပြီး ကျန်းမာကြံ့ခိုင်တဲ့ လူငယ် များကို ပြုစုပျိုးထောင် လေ့ကျင့်ပေးတဲ့ လုပ်ငန်းရဲ့ အခန်းကဏ္ဍဟာ အထူးအရေးပါကြောင်း၊ နိုင်ငံတော်ရဲ့ အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် အားကစားနှင့်ကာယပညာ ဦးစီးဌာနရဲ့ လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်တဲ့ တိုင်းဒေသကြီးနှင့် ပြည်နယ်အနှံ့က ထူးချွန်ထက်မြက် တဲ့ မျိုးဆက်သစ်အားကစားသမားများကို ရှာဖွေဖော်ထုတ်ပြီး လေ့ကျင့်ဆောင်ရွက်ပေးရာမှာ သွေးသစ် အားကစားသမားများ ရွေးချယ်ရေး၊ နိုင်ငံတကာအဆင့်မီ အားကစားကွင်း/ အားကစားရုံများတွင် စနစ်တကျလေ့ကျင့်ရေးနှင့် ပြိုင်ပွဲတိုင်းပါဝင်ယှဉ်ပြိုင်နိုင်ရေး လုပ်ငန်းများ ကိုလည်း စနစ်တကျစီမံ ဆောင်ရွက်လျက်ရှိတာကို တွေ့မြင်ရကြောင်း၊ ပြီးခဲ့တဲ့ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက်ခဲ့သည့် သင်တန်းသား/သူများမှ ပြည်တွင်းပြိုင်ပွဲနဲ့ တိုင်းဒေသကြီး ကိုယ်စားပြုပြိုင်ပွဲ (၁၃)ပွဲတွင် အားကစားနည်း (၈)နည်းမှ သင်တန်းသား၊ သင်တန်းသူ (၁၀၉)ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ်(၁၅)ခု၊ ငွေတံဆိပ်(၁၉)ခု၊ ကြေးတံဆိပ်(၁၃)ခု၊ စုစုပေါင်း ဆုတံဆိပ်(၄၅)ခု ဆွတ်ခူးရရှိခဲ့ပြီး ပြည်ပပြိုင်ပွဲ (၇)ပွဲတွင် အားကစားနည်း(၂)နည်းမှ သင်တန်း သား/သင်တန်းသူ(၁၆)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ်(၁)ခု၊ ကြေးတံဆိပ်(၁)ခု၊ စုစုပေါင်းဆုတံဆိပ်(၂)ခုနှင့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် ပိုက်ကျော်ခြင်း အားကစားနည်းနှင့် ရိုးရာလှေအားကစားနည်းတို့မှ သင်တန်းသား၊ သင်တန်းသူ (၃၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ်(၁)ခုနှင့် ကြေးတံဆိပ်(၄)ခု၊ စုစုပေါင်း ဆုတံဆိပ်(၅)ခု ဆွတ်ခူး ရရှိခဲ့ပြီး (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အားကစားနှင့် ကာယပညာ သိပ္ပံ (မန္တလေး)မှ မွေးထုတ်ပေးလိုက်သော နိုင်ငံ့လက်ရွေးစင် အားကစားမောင်မယ်(၄၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ်(၃)ခု၊ ငွေတံဆိပ်(၂၀)ခု၊ ကြေးတံဆိပ်(၁၀)ခု၊ စုစုပေါင်း (စုစုပေါင်း ၃၃)ခု ဆွတ်ခူးရရှိခဲ့ကြောင်းနှင့် အားကစားနှင့်ပညာသင်ကြားရေးတို့ကို အားကြိုး မာန်တက်လေ့ကျင့်ကြိုးစား သင်ယူရန်လိုအပ်ကြောင်း စသည်များပြောကြားခဲ့ပြီး အလှူရှင်များမှ အလှူငွေများ ပေးအပ်ခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို တာဝန်ရှိသူများက ပြန်လည်ပေးအပ်ခဲ့ပြီးနောက် ကျောင်းအုပ်ဆရာကြီး ဦး​မြင့်ခိုင် (ညွှန်ကြားရေးမှူး)မှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

အခမ်းအနားအား မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် မန္တလေးတိုင်းဒေသကြီး တရားသူကြီးချုပ်၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ စေတနာရှင်/အလှူရှင်များ၊ နည်းပြများ၊ အားကစားနှင့်ပညာရေး ပေါင်းစပ် အထက်တန်းကျောင်းမှ ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြသည်။

အောင်ဇော်မင်း