သထုံတွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၅)လုံးနှင့် အများသုံးရေကန်တို့ အမိုးများလန်ကာပျက်စီး

သထုံ ဇွန် ၄

မွန်ပြည်နယ်၊ သထုံမြို့တွင် ယမန်နေ့ ည (၆) နာရီခွဲအချိန်ခန့်က ရုတ်တရက် လေပြင်းတိုက်ခတ်မှုကြောင့် သိမ်ကုန်းရပ်ကွက်၊ အောင်ဇေယျ(၃)လမ်းမှ လူနေအိမ်(၅)လုံးနှင့် အဆိုပါလမ်းထိပ်ရှိ အများသုံးရေကန်တို့၏ အမိုးများလန်ကာ ပျက်စီးခဲ့ရကြောင်း သိရသည်။

လေပြင်းတိုက်ခတ်မှုကြောင့် အောင်ဇေယျ(၃)လမ်းနေသူများဖြစ်ကြသည့် ဦးသန်းလှိုင်၏ အလျား(၅၅)ပေ၊ အနံ(၁၄)ပေရှိ သွပ်မိုး/အုတ်ကာ တစ်ထပ်တိုက်ခံအိမ်မှ သစ်သားဒိုင်း (၁၀)ချောင်းနှင့် သွပ်မိုးများ၊ ဦးဘိုဘိုအောင်၏ အလျား(၃၀)ပေ၊ အနံ(၁၂)ပေရှိ သွပ်မိုး/ပျဉ်ကာ/ပျဉ်ခင်း နေအိမ်မှ သွပ်မိုးများ၊ ဦးမျိုးမြင့်ဇော်၏ အလျား(၁၅)ပေ၊ အနံ(၁၀) ပေခန့်ရှိ သွပ်မိုး၊ ထရံကာ/ပျဉ်ခင်း နေအိမ်မှ သွပ်မိုးများ၊ ဦးအုန်းလှိုင်၏ အလျား(၁၃)ပေ၊ အနံ(၁၀) ပေခန့်ရှိ သွပ်မိုး/ပျဉ်ကာ/ပျဉ်ခင်း နေအိမ်မှ သွပ်အမိုးများ၊ ဦးစိုးသိန်း၏ အလျား(၅၀)ပေ၊ အနံ(၁၅)ပေခန့်ရှိ သွပ်မိုး/ပျဉ်ကာ/ပျဉ်ခင်း နေအိမ်မှ သွပ်မိုးများ လန်ထွက်ပျက်စီးကာ အောင်ဇေယျ(၃) လမ်းထိပ်ရှိ ရပ်ကွက်သုံး အလျား(၆)ပေ၊ အနံ(၄)ပေ၊ အမြင့်(၆)ပေရှိ (၅၀၀)ဂါလံဆံ့ အများသုံးရေကန်၏ သွပ်အမိုးများ ပျက်စီးခဲ့ရကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်တွင် လူနှင့်တိရိစ္ဆာန် ထိခိုက်ပျက်စီးမှုမရှိကြောင်း ထိခိုက်ပျက်စီးမှုများအား လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့က အမြန်ဆုံးကူညီ ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)