ကွမ်းခြံကုန်း ဇွန် ၁
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ယနေ့ နံနက်ပိုင်းမှစ၍ စတင်ဖွင့်လှစ်ရာ ကျောင်းသား/ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် ကျောင်းစတင်တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
အဆိုပါ အခြေခံပညာကျောင်းများဖွင့်လှစ်ရာ၌ မြို့နယ်ပညာရေးမှူး၏ကြီးကြပ်မှုဖြင့် သက်ဆိုင်ကျောင်းများရှိ တာဝန်ခံကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား/သူမိဘများနှင့် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများကဝိုင်းဝန်း၍ လိုအပ်သည်များကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ကွမ်းခြံကုန်းမြို့နယ်တွင် အခြေခံပညာမူလတန်းကျောင်း(၉၈)ကျောင်း၊ မူလတန်းလွန်(၁၁)ကျောင်း၊ အ.လ.က(၂)ကျောင်း၊ အ.လ.ကခွဲ(၂)ကျောင်း၊ အ.ထ.က(ခွဲ) (၄)ကျောင်းနှင့် အ.ထ.ကကျောင်း(၈)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၇)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၁)ကျောင်း၊ စုစုပေါင်း(၁၃၃)ကျောင်း စတင်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
ဆွေနွယ်(ပြန်/ဆက်)