ကျောက်တလုံးကြီး ဇွန် ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၌ ကျောင်းနေအရွယ်ကလေးငယ်များ ပညာသင်ယူခွင့်ရရှိစေရေးအတွက် ယနေ့နံနက် ၉ နာရီမှစတင်၍ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်လျက်ရှိပြီး ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြင့် တက်ရောက်ပညာသင်ကြားလျက်ရှိသည်။
ထိုသို့ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ကျောက်တလုံးကြီးမြို့အတွင်း အခြေခံပညာကျောင်းပေါင်း (၇၃) ကျောင်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး ကျောက်တလုံးကြီးမြို့အခြေခံပညာအထက်တန်းကျောင်းတွင် အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းသား (၂၅၁) ဦး၊ ကျောင်းသူ (၃၀၉) ဦး၊ စုစုပေါင်း (၅၆၀) ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ကျောက်တလုံးကြီးမြို့ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းမဖွင့်မီကာလအတွင်း ကျောင်းပတ်ဝန်းကျင်နှင့် စာသင်ခန်းများ သန့်ရှင်းသာယာလှပရေးအတွက် မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ဆရာ/မများ၊ ကျောင်းသားမိဘများနှင့် ပြည်သူများက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူဦးရေ ရာနှုန်းပြည့်ဖြင့် အေးချမ်းစွာတက်ရောက်ပညာသင်ယူလျက်ရှိကြကြောင်း သိရသည်။
ဇော်နိုင်လင်း