တန့်ယန်း ဇွန် ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများအားလုံးကို ဇွန်လ ၃ ရက်နေ့မှစတင်၍ဖွင့်လှစ်ပြီဖြစ်ရာ မြို့နယ်မှတာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းနှင့် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများအားလုံး စတင်ဖွင့်လှစ်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်စိုးနှင့်တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူး ဦးသိန်းထွန်းဦးနှင့်တာဝန်ရှိသူများက အမှတ်(၁)၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ကြည့်ရှုအားပေးကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။
တန့်ယန်းမြို့နယ်၌ အခြေခံပညာအထက်တန်းကျောင်း၊ အလယ်တန်းကျောင်း၊ မူလတန်းကျောင်း၊ ကိုယ်ပိုင်ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစသည့် ကျောင်းပေါင်း ၁၈၉ ကျောင်းရှိကြောင်းနှင့် ယနေ့အထိ ကျောင်းသား၊ ကျောင်းသူပေါင်း(၁၇၅၈၉)ဦး လက်ခံထားရှိပြီး ဆက်လက်၍လည်း လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးဌာနမှ သိရသည်။
မင်းလွင်ဦး(တန့်ယန်း)