မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ၂ဝ၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်းစာရင်းကောက်ယူရေး လူထုအသိပညာပေး (Billboard) စိုက်ထူပွဲ အခမ်းအနားကျင်းပ

အောင်မြေသာစံ ဇွန် ၃

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ၂ဝ၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်းစာရင်းကောက်ယူရေး လူထုအသိပညာပေး (Billboard) စိုက်ထူပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မန္တလေးမြို့၊ ၂၆ လမ်းနှင့် ၇၈ လမ်း၊ လမ်းဆုံတွင် ကျင်းပပြုလုပ်သည်။

အစီအစဉ်အရ အောင်မြေသာစံခရိုင် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဒေါက်တာအောင်ဆွေ၊ ခရိုင်သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အောင်မြေသာစံခရိုင်ဦးစီးမှူး ဦးသန်းထွန်းအောင်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးတင်မောင်ဝင်းတို့က ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းကောက်ယူရေး လူထုအသိပညာပေး (Billboard)အား ဖဲကြိုးဖြတ်ဖွင့်လှစ်ကြပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။

အခမ်းအနားအပြီးတွင် ခရိုင်သန်းခေါင်စာရင်းကော်မတီမှ တာဝန်ရှိသူများက တက်ရောက်လာကြသူများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများက သန်းခေါင်စာရင်းကောက်ယူခြင်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေကြသည်။

အလားတူ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အောင်မြေသာစံမြို့နယ်ရုံး၏ မြေစိုက်ပိုစတာဆိုင်းဘုတ်ဖွင့်ပွဲကို ယနေ့နံနက် ကိုးနာရီခွဲအချိန်က ၁၉ လမ်း၊ ၈၆ လမ်းထောင့်တွင် ကျင်းပရာ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ဖြစ်ကြသော ဗိုလ်မှူး ဝင်းမျိုးထွန်းနှင့် ဦးဇော်လင်းဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အမွေးနံ့သာများ ပက်ဖျန်းပေးကြကြောင်း သိရသည်။

အခမ်းအနားများသို့ ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ကော်မတီဝင်များ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဝင်များ၊ ဆရာ/ဆရာမများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဦးစီးမှူးများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

မြင့်မော်ထွန်း(အောင်-စံ၊ ပြန်/ဆက်)