ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(ပေါင်လင်း) ဖွင့်လှစ်သင်ကြားပေး

ဟိုပုံး ဇွန် ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းကို ယနေ့နံနက်ပိုင်းမှစတင်၍ ပေါင်လင်းကျေးရွာအုပ်စု၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(ပေါင်လင်း)တွင် စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်းသိရသည်။

 ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၊ ပင်လောင်းမြို့နယ်၊ ဆီဆိုင်မြို့နယ်တို့မှ စက်မှုဘာသာရပ်တွင် တက်ရောက်ခွင့်ရရှိသည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပထမနှစ် ကျောင်းသား၊ ကျောင်းသူ (၂၈)ဦး၊ စိုက်ပျိုးရေးဘာသာရပ်တွင် တက်ရောက်ခွင့်ရရှိသူ ကျောင်းသား၊ ကျောင်းသူ(၁၀)ဦး၊ မွေးမြူ‌ရေးဘာသာရပ်တွင် တက်ရောက်ခွင့်ရရှိသူ ကျောင်းသား၊ ကျောင်းသူ (၅)ဦး စုစုပေါင်းကျောင်းသား၊ ကျောင်းသူ(၄၃)ဦး၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဒုတိယနှစ် စက်မှုဘာသာရပ်တွင် ကျောင်းသား၊ ကျောင်းသူ(၅၇‌)ဦး၊ ဒုတိယနှစ် စိုက်ပျိုးရေးဘာသာရပ်တွင် ကျောင်းသား၊ ကျောင်းသူ(၂၄)ဦး၊ ဒုတိယနှစ် မွေးမြူရေးဘာသာရပ်တွင် ကျောင်းသား၊ ကျောင်းသူ (၁၃)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၉၄)ဦးရှိကြောင်းသိရသည်။

အဆိုပါ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းသည် Grade-9 အောင်မြင်ပြီးသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာဆက်လက်သင်ယူနိုင်သည့် အခွင့်အလမ်းသစ်တစ်ခု တိုးလာခြင်းဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သုံးနှစ်တက်ရောက်ပြီး အရည်အချင်းပြည့်မီပါက နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်စသည့် တက္ကသိုလ်များ၊ ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များသို့ တက်ရောက်နိုင်မည်ဖြစ်ပါကြောင်း၊ အထက်တန်းကျောင်းပြီးမြောက် အောင်မြင်ပြီး လက်မှတ်ရလျှင် သက်ဆိုင်ရာလုပ်ငန်းခွင်များသို့ အလွယ်တကူဝင်ရောက်နိုင်သည့် အခွင့်အလမ်း များရရှိမည်ဖြစ်ရာ တက်ရောက်သူတို့အတွက် အကျိုးများကြောင်း၊ ယခုကျောင်းသည်နိုင်ငံတော်အတွက် လူသားအရင်းအမြစ်များ မွေးထုတ်နိုင်‌ရေးအတွက် အားလုံးကတက်ညီလက်ညီ ကြိုးပမ်းကြစေလိုကြောင်း သိရသည်။

ပအိုဝ်းဒေသ (ပြန်/ဆက်)