နေပြည်တော်နည်းပညာတက္ကသိုလ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပထမနှစ်နှင့် ဒုတိယနှစ် (ဘွဲ့ကြို) အင်ဂျင်နီယာနှင့် ဗိသုကာသင်တန်းများ၏ ဒုတိယနှစ်ဝက်သင်တန်းများ စတင်ဖွင့်လှစ်

ဇမ္ဗူသီရိ ဇွန် ၃

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန၊ နေပြည်တော်နည်းပညာတက္ကသိုလ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပထမနှစ်နှင့် ဒုတိယနှစ် (ဘွဲ့ကြို) အင်ဂျင်နီယာနှင့် ဗိသုကာသင်တန်းများ၏ ဒုတိယနှစ်ဝက်သင်တန်းများကို ဇွန်လ ၃ ရက်နေ့တွင် စတင်ဖွင့်လှစ်သင်ကြားရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

အဆိုပါ နေပြည်တော်နည်းပညာတက္ကသိုလ်ကို ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်ရာ ယခု ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပထမနှစ်နှင့် ဒုတိယနှစ် (ဘွဲ့ကြို) အင်ဂျင်နီယာနှင့် ဗိသုကာသင်တန်းများ၏ ဒုတိယနှစ်ဝက်သင်တန်းများတွင် ပထမနှစ်နှင့် ဒုတိယနှစ် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်လျက်ရှိပြီး မြို့ပြအင်ဂျင်နီယာဘာသာရပ်၊ အီလက်ထရောနစ် အင်ဂျင်နီယာဘာသာရပ်၊ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာဘာသာရပ်၊ စက်မှုအင်ဂျင်နီယာဘာသာရပ်၊ ကွန်ပျူတာအင်ဂျင်နီယာနှင့် သတင်းအချက်အလက် နည်းပညာဘာသာရပ်၊ ဗိသုကာဘာသာရပ်နှင့် စိုက်ပျိုးရေးအင်ဂျင်နီယာ ဘာသာရပ်များ သင်ကြားပေးလျက်ရှိပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင်လိုအပ်သည့် အရည်အသွေးမြင့် လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးနိုင်မည်ဖြစ်ပြီး နိုင်ငံတော်အတွက်လိုအပ်သည့် အင်ဂျင်နီယာပညာရှင်များကို ပိုမိုမွေးထုတ်လေ့ကျင့်ပေးနိုင်ခြင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

ဟိန်းသူအောင် (ပြန်/ဆက်)