ဒေသဖွံ့ဖြိုးရေး၊ အာမခံလုပ်ငန်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းသန်လျင်၌ ကျင်းပ

ရန်ကုန် ဇွန် ၃

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ဒေသဖွံ့ဖြိုးရေး၊ ရာသီဥတုအညွှန်းကိန်းသီးနှံအာမခံနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်က အဖွင့်အမှာစကားပြောကြားပြီး မြန်မာ့အာမခံလုပ်ငန်းမှ ဒုတိယအထွေထွေမန်နေဂျာ ဦးကျော်မျိုးဆွေက ရာသီဥတုအညွှန်းကိန်း သီးနှံအာမခံထားရှိရေးနှင့် ရရှိလာမည့် အကျိုးကျေးဇူးများအားလည်းကောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခရိုင်မန်နေဂျာ ဒေါ်ခင်မြင့်ဆွေက စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးရေး၊ မြန်မာ့အာမခံလုပ်ငန်းနှင့် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များအားလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အိအိမွန်က စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပရေး လျာထားဆောင်ရွက်မှု၊ စံညီစာကြည့်တိုက်များဖွင့်လှစ်ရေး၊ စာကြည့်တိုက်ဆောက်လုပ်ရေး ကိစ္စရပ်များအားလည်းကောင်း၊ မြို့နယ်ပညာရေးမှူး ဦးခင်မောင်ဝင်းက ကျောင်းအပ်နှံရေး၊ ကျောင်းစတင်ဖွင့်လှစ်သင်ကြားမှု အခြေအနေများအား ရှင်းလင်းတင်ပြကြသည်။ ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကဏ္ဍာအလိုက်ပြန်လည်ရှင်းလင်းဆွေးပြီး လုပ်ငန်းလိုအပ်ချက်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ဖြိုးသီဟ (ပြန်/ဆက်)