မိုင်းခွဲဖျက်ဆီးခံရသည့် ဘီးလင်းမြို့၊ မစောတံတားအား သံဘေလီတံတား တပ်ဆင်နေမှုပြီးစီး၍ ဘေလီတံတားပေါ်မှ ယာဉ်ကြီးများ ဖြတ်သန်းခွင့်ပြု

ဘီးလင်း ဇွန် ၃

မွန်​ပြည်နယ်၊ ဘီးလင်းမြို့၊ တောင်ကလေးကျေးရွာအနီးတွင် မေလ ၂၃ ရက်နေ့က KNU နှင့် အကြမ်းဖက် PDF အဖွဲ့များမှ မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် မစောတံတား၏  အကျယ် ၁၆ ပေ၊ အလျား ၅၀ ပေခန့်ရှိပျက်စီးသည့်အခြမ်းအား ယာယီသံဘေလီတံတားတပ်ဆင်တည်ဆောက်မှု ၁၀၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်သဖြင့် ယမန်နေ့ ညနေ ၆နာရီအချိန်မှစ၍ သံဘေလီတံတားပေါ်မှယာဉ်ကြီး၊ ယာဉ်ငယ်များကို ဖြတ်သန်းသွားလာခွင့်ပြုခဲ့ကြောင်း သိရသည်။

အဆိုပါ မစောတံတားအား သံဘေလီတံတား တပ်ဆင်ခြင်းလုပ်ငန်းကို အမှတ်(၁၄)၊ လမ်းတံတား အထူးအဖွဲ့(မော်လမြိုင်)မှ တာဝန်ခံ ဦးကျော်စွာ ခေါင်းဆောင်သောအဖွဲ့က  ဇွန်လ ၁ ရက်နေ့တွင် ကရိန်းယာဉ် ၁ စီး၊ ဘတ်ဟိုးယာဥ် ၁ စီးတို့ဖြင့် ပေ(၁၀၀) အရှည်ရှိ ယာယီဘေလီတံတားပေါ်တွင် ကြမ်းခင်းများခင်းခြင်း၊ ဘေလီတံတားချဉ်းကပ်လမ်းအား ကျောက်စီ၊ ကျောက်ခင်းခြင်း၊ ယာယီဘေလီတံတားပေါ်တွင် ကြမ်းခင်းများအထိုင်ချခြင်း၊ လုပ်ငန်းအား အပြီးသတ်၍ ဘေလီတံတားချဉ်းကပ်လမ်းအား ကျောက်ခင်းခြင်း၊ လမ်းကြိတ်စက်ဖြင့် မြေညှိခြင်းများကို လုပ်ကိုင်ခဲ့ရာ ဇွန် ၂ ရက်ညနေပိုင်းတွင် ယာယီသံဘေလီတံတား တပ်ဆင်တည်ဆောက်မှု ၁၀၀ ရာခိုင်နှုန်းပြီးစီးသဖြင့် ညနေ ၆ နာရီအချိန်တွင် သံဘေလီတံတားပေါ်မှ ယာဉ်ကြီး၊ ယာဉ်ငယ်များကို စမ်းသပ်ဖြတ်သန်းစေခဲ့ရာ တံတားကြံ့ခိုင်မှုနှင့် ခံနိုင်ဝန်အား ထိခိုက်ခြင်းမရှိသဖြင့် ညနေ ၆ နာရီ ၃၀ မိနစ် အချိန်မှစ၍ ယာဉ်များအားလုံးကို သံဘေလီတံတားပေါ်မှ ပုံမှန်ဖြတ်သန်းစေလျက်ရှိကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)