စဉ့်ကူးမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များအား လစဥ်ပုံမှန် ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်

စဉ့်ကူး ဇွန်

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်း လုပ်ငန်းများကို ယနေ့နံနက် ၉ နာရီအချိန်မှစ၍ မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် ထိုးနှံတိုက်ကျွေးပေးလျက်ရှိသည်။

အဆိုပါကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရာတွင် ကိုယ်ဝန်ဆောင်မိခင်များအား ကိုယ်ဝန်ဆောင်ချိန်အတွင်း မေးခိုင်ကာကွယ်ဆေး အနည်းဆုံး(၂)ကြိမ် ထိုးပေးခြင်းနှင့် အပတ်စဉ် တနင်္လာနေ့တိုင်းတွင် သွေးပေါင်ချိန်ပေးခြင်း၊ ကိုယ်အလေးချိန် ချိန်ပေးခြင်း၊ ကိုယ်ဝန်စမ်းသပ်ပေးခြင်း၊ ဆီးစစ်ပေးခြင်း၊ သန်ချဆေး၊ ဘီတာမင်ဘီဝမ်းဆေးပြားနှင့် သံဓာတ်ဖောလိတ် ကိုယ်ဝန်ဆောင်အားဆေးများကို နေ့စဥ်သောက်ရန် ပေးခြင်းများအပြင် ဆစ်ဖလစ်ရောဂါအတွက် သွေးစစ်ပေးခြင်းများကိုလည်း လစဥ်သတ်မှတ်ရက်များနှင့် လဆန်း (၂)ရက်နေ့မှ (၃)ရက်နေ့အထိ ပုံမှန်ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုနည်းတူ ကလေးငယ်များအား လအလိုက် ဘီစီဂျီ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကယ်ဆေး)၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ပိုလီယိုကာကွယ်ဆေးထိုးဆေး၊ တိုက်ဆေး၊ ဝက်သက်၊ ဂျိုက်သိုးစသည့် ကာကွယ်ဆေးအားလုံးကို သတ်မှတ်ထားသောအကြိမ်နှင့် သက်မှတ်ထားသော အသက်အရွယ်တွင် ဆေးထိုး၊ ဆေးတိုက်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဒေါ်ငြိမ်းချမ်းဝင်း

ငြိမ်းချမ်းဝင်း(ပြန်/ဆက်)