ပူတာအို ဇွန် ၃
ကချင်ပြည်နယ်၊ပူတာအိုခရိုင်တွင် “ကျောင်းနေအရွယ်ကလေးများအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ မေလ(၂၃)ရက်နေ့မှ ဇွန်လ(၂)ရက်နေ့အထိ ကျောင်းအပ်နှံရေးနေ့ သီတင်းပတ်အဖြစ်သတ်မှတ်ကာ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းများဆောင်ရွက်ခဲ့ရာ ယနေ့နံနက်ပိုင်းမှစတင်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ပညာသင်ကြားနေမှုများအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းထွေး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ခရိုင်လဝကမှူး ဦးဗိုလ်မြင့်၊ ခရိုင်ပညာရေးမှူး ဒေါ်သန်းသန်းညွန့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မိုးကျော်သူ၊မြို့နယ်ပညာရေးမှူး ဦးဝင်းဆွေတို့က အ.ထ.က(ပူတာအို)ကျောင်း၊ အ.ထ.က(ဒုတ္ထန်) ကျောင်း၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းနှင့် အ.ထ.က(လေယာဉ်ကွင်း) ကျောင်းသို့သွားရောက်ပြီး ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာ စတင်ပညာသင်ကြားနေမှုများကို ကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာကျောင်းအုပ်ကြီးများ၏ တင်ပြချက်များအပေါ် လိုအပ်ချက်များအား ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပူတာအိုခရိုင်တွင် ၂၀၂၄-၂၀၂၅ပညာသင်နှစ်အတွက် ဇွန်(၂)ရက်နေ့အထိ ကျောင်းအပ်လက်ခံသည့် စာရင်းဇယားများအရ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်များကို ပူတာအိုမြို့နယ်တွင် ကျောင်းသား/သူပေါင်း(၁၂၀၁၉)ဦး၊ မချမ်းဘောမြို့နယ်တွင် (၂၄၇၉)ဦး၊ နောင်မွန်းမြို့နယ်တွင် (၁၃၈၈)ဦး၊ ခေါင်လန်ဖူးမြို့နယ်တွင် (၄၈၈)ဦးနှင့်ခရိုင်အနေဖြင့် ကျောင်းသား/သူစုစုပေါင်း(၁၆၃၇၄)ဦး ကျောင်းအပ်လက်ခံရရှိခဲ့ပြီး ယနေ့နံနက်ပိုင်းမှစတင်၍ အေးချမ်းစွာပညာသင်ကြားနေပြီဖြစ်ကြောင်း ခရိုင်ပညာရေးမှူး ဒေါ်သန်းသန်းညွန့်ထံမှသိရသည်။
ဖုန်ကန်(ပူတာအို)