နမ့်စန်မြို့နယ်တွင် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းသစ်ဖွင့်ပွဲ ကျင်းပ

နမ့်စန်()  ဇွန်   ၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း-ခွဲ(လေတပ်) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၅)ကျေးရွာအုပ်စု၊ နမ့်စန်-မိုးနဲ ပြည်ထောင်စုလမ်းမကြီးဘေးရှိ အဆိုပါ ကျောင်းရှေ့တွင်ကျင်းပခဲ့ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် တပ်မတော်အရာရှိများ၊ ခရိုင်နှင့်မြို့နယ်တို့မှ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ  အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း၊ နမ့်စန်တပ်နယ်မှ ဗိုလ်ချုပ်စိုးအောင်၊ နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးကြီးလင်းကို၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်းနှင့် ခရိုင်ပညာရေးမှူးဒေါ်နန်းခမ်းတို့က အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး မွေးမြူရေး အထက်တန်းကျောင်း-ခွဲ ကျောင်းဆောင်သစ်ကို ကျောင်းမုဒ်ဦးရှေ့တွင် ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

ထို့နောက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများက အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း ကျောင်းဆောင်သစ်နှင့် စာသင်ဆောင်များ၊ ဘာသာရပ်အလိုက် သင်ထောက်ကူခန်းမများနှင့် ကျောင်းသား၊ကျောင်းသူများ စာသင်ကြားမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုအားပေး၍ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံကာ လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုးရေး၊မွေးမြူရေး အထက်တန်းကျောင်း-ခွဲ(လေတပ်) တွင် ဇွန်လ ၃ ရက်နေ့အထိ ကျောင်းအပ်နှံမှုစာရင်းအရ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍအလိုက် စုစုပေါင်း ကျောင်းသား၊ကျောင်းသူ (၅၇) ဦးတက်ရောက်သင်ကြားလျက် ရှိကြောင်း သိရသည်။

သူရအောင်(နမ့်စန်)