ပင်လောင်းမြို့နယ်တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ပင်လောင်း ဇွန် ၃

၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းဖွင့်ရာသီတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် အခြေခံပညာကျောင်းအသီးသီးတွင် စတင်ဖွင့်လှစ် ပညာသင်ကြားပေးခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိကြကြောင်း သိရသည်။

ပညာတတ်မြောက်သူသည် ဘဝခရီးလမ်းမှာ အခွင့်အလမ်းပိုများခြင်း၊ ဘဝကို ပိုမိုကောင်းမွန်အောင် တည်ဆောက်နိုင်ရန်နှင့် ဝင်ငွေမြင့်မားရန်အတွက် ပညာရေးက အထောက် အကူပေးနိုင်ခြင်း၊ ပညာတတ်မြောက်သူသည် မိမိ၏မိသားစုနှင့် လက်ရှိနေထိုင်ရာ ပတ်ဝန်းကျင်ကိုလည်း ကောင်းစွာသိနားလည်ရုံသာမက ကမ္ဘာလောကတစ်ခွင်ကိုလည်း သိနားလည်နိုင်ကြ မည်ဖြစ်သောကြောင့် နိုင်ငံတော်အစိုးရမှ "ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာ သင်ယူဖို့ ကျောင်းအပ်နှံကြပါစို့" ကျောင်းအပ်နှံရေးဆောင်ပုဒ်နှင့်အညီ မေလ(၂၃)ရက်နေ့မှ ဇွန်လ(၂)ရက်နေ့အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ကျောင်းအပ်နှံလက်ခံခြင်း လုပ်ငန်းများကို ကျောင်းအသီးသီးတွင် ဆောင်ရွက်ခဲ့ကြသည်။

ပင်လောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးတွင် ကျောင်းအပ်လက်ခံခဲ့ရာ၌ မေလ(၂၃)ရက်နေ့မှ ဇွန်လ(၂)ရက်နေ့အထိ မူလတန်းအဆင့် (၂၂၈၁၆) ဦး၊ အလယ်တန်း အဆင့် (၇၅၀၀)ဦး၊ အထက်တန်းအဆင့် (၃၄၀၅)ဦး အပ်နှံခဲ့ပြီး တစ်မြို့နယ်လုံးအနေဖြင့် ကျောင်းအပ်နှံမှုမှာ (၃၃၇၂၁)ဦးဖြစ်ပြီး ယနေ့တွင် ရာနှုန်းပြည့် ကျောင်းတက်ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)