မိုင်းပျဉ်း ဇွန် ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ခု ပညာသင်နှစ် အခြေခံပညာကျောင်းများအားလုံးကို ယနေ့ နံနက်ပိုင်းမှစတင်၍ ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ပညာသင်ယူလျက်ရှိကြောင်း သိရသည်။
မိုင်းပျဉ်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ခု ပညာသင်နှစ်တွင် အ.ထ.က ကျောင်း (၅)ကျောင်း၊ အ.ထ.ကခွဲ (၁)ကျောင်း၊ အ.လ.က ကျောင်း(၈)ကျောင်း၊ အ.လ.ကခွဲ (၅)ကျောင်း၊ မူလတန်း လွန်ကျောင်း(၁၃)ကျောင်း၊ မူလတန်းကျောင်း (၈၀)ကျောင်းနှင့် အ.မ.ကခွဲ (၂၂)ကျောင်း၊ စုစုပေါင်း အခြေခံပညာကျောင်းပေါင်း (၁၃၅) ကျောင်းရှိရာ ၄င်းကျောင်းများအားလုံး ယနေ့ နံနက်ပိုင်းမှ စတင်ဖွင့်လှစ်၍ ကျောင်းသား၊ ကျောင်းသူများ ကျောင်းသို့ပျော်ရွှင်စွာ တက်ရောက်ကြကာ စိတ်အေးချမ်းသာစွာ ပညာသင်ယူလျက်ရှိပြီး ဆရာ၊ ဆရာမများမှလည်း ကျောင်းစည်းကမ်းများနှင့်အညီ ပညာသင်ယူနိုင်ရေး စိစစ်ကြပ်မတ်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
မိုင်းပျဉ်းမြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေလ(၃၀)ရက်နေ့က အ.ထ.က မိုင်းပျဉ်း၊ နဝဒေးခန်းမ၌ ဆောင်ရွက်ခဲ့ပြီး ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံနိုင်ရေးနှင့် ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းအပ်နှံခြင်းများကိုလည်း မေလ(၂၃)ရက်နေ့မှစ၍ နေ့စဉ်ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း ပညာရေးဌာနမှ သတင်းရရှိသည်။
နန်းသန္တာဦး(ပြန်/ဆက်)