သီပေါ ဇွန် ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့၌ ကလေးငယ်များ ရောဂါကင်း၍ ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ရေးအတွက် မွေးကင်းစအရွယ်မှစ၍ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲများ၌ ယနေ့နံနက် ၉ နာရီက စတင်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မွေးကင်းစမှ အသက်(၂)နှစ်အောက်အထိ ကလေးငယ်များအား ပေါင်ချိန်ပေးခြင်း၊ အသက်အရွယ်အလိုက် ဘီစီဂျီ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါဘီ၊ ဂျပန်ဦးနှောက်ရောင်၊ ဦးနှောက်အမှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗွီ)၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါ(ရိုတာကာကွယ်ဆေး)၊ ဝက်သက်ဂျိုက်သိုးရောဂါ ကာကွယ်ဆေးများကို အသက်အရွယ်အလိုက် သက်ဆိုင်ရာကာကွယ်ဆေးများကို ထိုးနှံပေးပြီး ပိုလီယိုအကြောသေရောဂါ ကာကွယ်ဆေးကိုလည်း တိုက်ကျွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေး၊ ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို လစဉ်လဆန်း(၁)ရက်နေ့မှစ၍ ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် မြို့ပေါ်ရပ်ကွက်(၁၁)ရပ်ကွက်ရှိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးများထိုးနှံပေးခဲ့ကြောင်း ထို့အပြင် ကျေးရွာအုပ်စုများတွင်လည်း သက်ဆိုင်ရာ ကျေးလက်ကျန်းမာရေးဌာနခွဲများ၌ ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဌာနမှ သိရသည်။
ခင်လေး(သီပေါ၊ ပြန်/ဆက်)