ဇေယျာသီရိ ဇွန် ၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံ ပညာကျောင်းများ ယနေ့ နံနက်ပိုင်းမှ စတင်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူ ၂၃၆၅၉ ဦး အေးချမ်းပျော်ရွှင်စွာဖြင့် ကျောင်းစတင်တက်ရောက်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဇေယျာသီရိမြို့နယ်တွင် မေလ၂၃ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် “ကျောင်းနေအရွယ် ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးခဲ့ကာ နိုင်ငံတော်မှ ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာ အုပ်များ၊ ဘောပင်၊ ခဲတံနှင့် ကျောင်းဝတ်စုံများကို အခမဲ့ထောက်ပံ့ပေးခဲ့ပြီး ဇေယျာသီရိမြို့နယ်တွင် အခြေခံပညာကျောင်း ၅၇ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း နှစ်ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း လေးကျောင်းတို့တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၃၆၅၉ ဦး တက်ရောက်ပညာ သင်ကြားလျက်ရှိကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)