မြန်မာနိုင်ငံတိုက်ကွမ်ဒို အဖွဲ့ချုပ် ဥက္ကဋ္ဌဖလား နွေရာသီသင်တန်းဆင်း ကလပ်များ တိုက်ကွမ်ဒိုကကွက်ပြိုင်ပွဲတွင်‌ အောင်ဆန်းကလပ် အသင်းတံခွန်စိုက်ဖလားရရှိ

ရန်ကုန် ဇွန် ၃

မျိုးဆက်လူငယ်သစ်အားကစားသမားများ ပေါ်ထွန်းလာစေရန်ရည်ရွယ် ကျင်းပသည့် ၂၀၂၄ ခုနှစ် မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား နွေရာသီသင်တန်းဆင်းကလပ်များ တိုက်ကွမ်ဒိုပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ အောင်ဆန်းအားကစားပြိုင်ဝင်း မိုးလုံလေလုံအားကစားရုံ၌ ကျင်းပသည်။

အဆိုပါပြိုင်ပွဲ၌ သက်တန်းအလိုက်ခါးစည်းအဆင့် ဗိုလ်လုပွဲပြိုင်ပွဲများတွင် ကကွက်နှင့်အတိုက် အားကစားနည်းများယှဥ်ပြိုင်ကြရာ ရန်ကုန်တိုင်း‌ဒေသကြီးအားကစားနှင့် ကာယပညာ‌ ကော်မတီဥက္ကဋ္ဌ၊ လူမှု‌ရေးရာ၀န်ကြီးဦး‌ဌေးအောင်၊ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာမြဟန်နှင့် အမှုဆောင်များ အားကစား၀ါသနာရှင်များ၊ မိဘ‌ဆွေမျိုးများ ကြည့်ရှုအား‌ပေးကြသည်။

ပြိုင်ပွဲအပြီးဆုချီးမြှင့်ပွဲကို ကျင်းပရာကီလိုတန်းခါးစည်းအဆင့်လိုက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ၊ အမျိုးသား၊ အမျိုးသမီးအကောင်းဆုံးဆုရရှိကြသော အားကစားသမားများအား မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့်အမှုဆောင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြား‌ရေးမှူးများက တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများ ချီးမြှင့်ကြသည်။

ထို့နောက် ရန်ကုန်တိုင်း‌ဒေသကြီးအားကစားနှင့် ကာယပညာ‌ကော်မတီဥက္ကဋ္ဌ၊ လူမှု‌ရေးရာဝန်ကြီး ဦးဌေးအောင်က၊ ကကွက်ပြိုင်ပွဲတွင်‌ ရွှေ (၃၀) ခု၊‌ ငွေ (၈) ခု၊ ကြေး (၉) ခုဖြင့် တံခွန်စိုက်ဖလားရရှိသွား‌သော အောင်ဆန်းကလပ်အသင်းအား‌ ငွေသားဆုနှင့်ဆုဖလားချီးမြှင့်ပြီး အတိုက်ပြိုင်ပွဲအသင်းလိုက်တွင်‌ ရွှေ (၁၉) ခု၊ ငွေ (၁၀) ခု၊ ကြေး (၂၀) ခုဖြင့်‌ ရွှေပြည်သာအသင်းက တံခွန်စိုက်ဖလားရရှိသွားသည်။

ယင်းပြိုင်ပွဲကို မေ (၃၁) ရက်မှ ဇွန် (၂) ရက်နေ့အထိ ကျင်းပခဲ့ပြီး ကလပ်အသင်း (၂၈) သင်း၊ ကကွက်ပွဲစဉ်ပေါင်း (၆၀၀) ကျော်နှင့် အတိုက်ပွဲစဉ်ပေါင်း (၈၀၀) ကျော်၊ ကစားသမား (၈၀၀) ကျော်ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)