ဗဟန်း ဇွန် ၃
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်တွင် ဇွန် ၁ ရက်နေ့ နံနက် ၉ နာရီကစ၍ အသက် (၁)နှစ်မှ (၅)နှစ်အထိ Catch up Immunization အမီလိုက်ကာကွယ်ဆေး ၅ မျိုးစပ်နှင့် ၁၈ နှစ်အထက်ပြည်သူများကို ကိုဗစ်ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းများကို ရပ်ကွက်အသီးသီး၌ စတင်ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါကာကွယ်ဆေးထိုးနှံမှုကို ဗဟန်းမြို့နယ်အတွင်းရှိ သာသနာ့ရိပ်သာရပ်ကွက်၊ ကိုယ့်မင်းကိုယ်ချင်းရပ်ကွက်၊ အရှေ့ရွှေဂုံတိုင်ရပ်ကွက်၊ အလယ်ရွှေဂုံတိုင်ရပ်ကွက်များ၌ ယမန်နေ့က မြို့နယ်ပြည်သူ့ကျန်းမာရေးအဖွဲ့များက ရပ်ကွက်များတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြပြီး ကာကွယ်ဆေးထိုးနှံသူ ကလေးငယ်များအား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ Catch up Immunization အမှီလိုက် ၅မျိုးစပ် ကာကွယ်ဆေးများကို စနစ်တကျ ထိုးနှံပေးခဲ့ကြောင်းသိရသည်။
ထိုသို့ ကာကွယ်ဆေးများထိုးနှံရာတွင် ကလေးငယ်များ ကျန်းမာရေးပြဿနာတစ်စုံတစ်ရာ မဖြစ်ပေါ်စေရန်အတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ကာကွယ်ဆေးထိုးအဖွဲ့တွင် ပါ၀င်ကူညီသော မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့၍ ကျန်ရပ်ကွက်များတွင်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
ကြည်ဇေသော်