ရန်ကုန်တိုင်းဒေသကြီး (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပြန်လည်သုံးသပ်ခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တာမွေ ဇွန်

ရန်ကုန်တိုင်းဒေသကြီး (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲနှင့် ပတ်သက်၍ ပြန်လည်သုံးသပ်ခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်ရှိ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) စွယ်တော်ဆောင်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ၊ အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ အဆို၊ အက၊ အရေး၊ အတီးဆိုင်ရာ ပညာရှင်ကြီးများနှင့် အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီး (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ တွဲဖက်အတွင်းရေးမှူး ဒေါက်တာကေသီထွေးက မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများ ကျင်းပပြီးစီးခဲ့မှုအပေါ် ပြန်လည်သုံးသပ်စကားပြောကြားခဲ့သည်။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တက်ရောက်လာကြသော အဆို၊ အက၊ အရေး၊ အတီး ဆိုင်ရာပညာရှင်ကြီးများက ကျင်းပပြီးစီးခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများတွင် တွေ့ကြုံခဲ့ရသည့် အားနည်းချက်၊ အားသားချက်များ၊ အခက်အခဲများအား အသီးသီးဆွေးနွေးတင်ပြခဲ့ကြပြီး (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

မြန်မာ့ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်များ မတိမ်ကောမပပျောက်စေရေးနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှုများအား သားစဉ်မြေးဆက် အမြတ်တနိုးတန်ဖိုးထားတတ်စေရန်အတွက် ရည်ရွယ်ပြီး အဆိုပါမြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိပြီး ကျင်းပပြီးစီးခဲ့သည့် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင် ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် ရွှေတံဆိပ်(၈၈)ဆု၊ ငွေတံဆိပ်(၂၇)ဆု၊ ကြေးတံဆိပ်(၂၇)ဆုနှင့် အထူးဆု(၁)ဆု စုစုပေါင်း ထူးချွန်ဆု(၁၄၃)ဆု ဆွတ်ခူးရရှိခဲ့ပြီး ယခုလာမည့် ၂၀၂၄-ခုနှစ်တွင် ကျင်းပပြုလုပ်မည့် (၂၅) ကြိမ်မြောက် ငွေရတု မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင်လည်း အောင်မြင်မှုများစွာ ရရှိနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင် (ပြန်/ဆက်)