မြစ်ကြီးနား ဇွန် ၃
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေးနှင့် MSME ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ကြီးကြပ်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့ရှိ ဂျိန်းဖောသူရက်ကန်းလုပ်ငန်းနှင့် ပြည်နယ်တစ်ဝှမ်းလုံး ကျောင်းသုံးဗလာစာအုပ် ၁၅၀၀၀၀ ထုတ် လုပ်ဖြန့်ဝေလျက်ရှိသည့် အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ပြည်နယ်အဆင့်ကျေးရွာစီမံကိန်း ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့်အတူ ရှေးဦးစွာ မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်၊ နယ်မြေ(၄)အတွင်းရှိ ဂျိန်းဖောသူ ရိုးရာအဝတ်အထည်ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းသို့ သွားရောက်ပြီး ချည်ထည်ကုန်ကြမ်းများ စုဆောင်းထားရှိမှု အခြေအနေများ၊ ရက်ကန်းရုံအတွင်း ကချင်ရိုးရာလုံချည်နှင့် ပုဆိုးများအား ရက်ကန်းစက်များဖြင့် ရက်လုပ်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကချင်ရိုးရာအဝတ်အထည်များသည် လူကြိုက်များပြီး ဈေးကွက်ရရှိသော လုပ်ငန်းဖြစ်ပြီး ရက်ကန်းလုပ်ငန်း လုပ်ကိုင်သူများအား မိမိတို့အနေဖြင့် အားပေးမြှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားကာ ချည်မျှင်ကုန်ကြမ်းဝယ်ယူစုဆောင်းရရှိမှု အခြေအနေများနှင့် ဈေးကွက်တင်ပို့ရောင်းချနိုင်မှု အခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ကြကာ လုပ်ငန်းများတိုးချဲ့ဆောင်ရွက်နိုင်ရေး အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) လုပ်ငန်း ချေးငွေရရှိရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေပံ့ပိုးနိုင်ရေး၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ပံ့ပိုးကူညီပေးနိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ဝန်ထမ်းများအား ရိုးရာပုဆိုးများ ဝယ်ယူထောက်ပံ့ပေးခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ စက်မှုဇုံရပ်ကွက်အတွင်း ပြည်နယ်အစိုးရအဖွဲ့က ပြည်နယ်၏ ပထမဆုံးနှစ်ဖက်ချော စက္ကူစက်တပ်ဆင်လည်ပတ်နိုင်ရေးနှင့် ကျောင်းသုံးဗလာစာအုပ်ထုတ်ဝေဖြန့်ချိနိုင်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ပထမစက်ဝန်း ရန်ပုံငွေကျပ် ၁၃၅၀ သိန်း၊ ဒုတိယနှစ်စက်ဝန်း ရန်ပုံငွေကျပ် သိန်း ၁၀၀၀ မတည်ပံ့ပိုးမှုဖြင့် လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှုအခြေအနေများနှင့် ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများ အားလုံးအတွက် နှစ်ဖက်ချောကျောင်းသုံးဗလာစာအုပ် ၁၅၀၀၀၀ ဖြန့်ဝေဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကာ လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)