မော်လမြိုင် ဇွန် ၂
၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အောင်ပွဲရ မွန်ပြည်နယ် ပိုက်ကျော်ခြင်းအသင်းအား ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး ရာမညခန်းမ၌ကျင်းပပြုလုပ်ရာ ရှေးဦးစွာ အောင်ပွဲရ မွန်ပြည်နယ်ပိုက်ကျော်ခြင်းအသင်း အဖွဲ့ခေါင်းဆောင်၊ အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများက တစ်ဦးချင်းမိတ်ဆက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက အားကစားမြှင့်တင်ခြင်းသည် နိုင်ငံ၏ ဂုဏ်ကိုမြှင့်တင်တည်ဆောက်ခြင်းဖြစ်သည်၊ အားကစားအောင်နိုင်ခြင်းသည် နိုင်ငံနှင့်လူမျိုး၏ ဂုဏ်သိက္ခာကို တိုးတက်မြင့်မားသည်ဟူသော ခံယူချက်ဖြင့် မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် အထူးအလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့ခေတ်မှာ အားကစားကို နိုင်ငံတော်အဆင့်ကနေပြီးတော့ ဝန်ကြီးဌာနအလိုက် အားကစားပြိုင်ပွဲတွေ ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲတွေကို အမျိုးသား အားကစားပွဲတော်အဖြစ် စည်ကားသိုက်မြိုက်စွာ ကျင်းပရေးစီစဉ် ဆောင်ရွက်နေပြီဆိုတာ အားလုံးအသိဘဲဖြစ်ပါကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ စခန်းသွင်းလေ့ကျင့်ပေးခဲ့ပြီး သွားရောက်ယှဉ်ပြိုင်ခဲ့ရာမှာ အမျိုးသမီး (၃) ယောက်တွဲ ရွှေတံဆိပ်၊ အမျိုးသမီး (၄) ယောက်တွဲ ငွေတံဆိပ်ဆု ရရှိခဲ့လို့ ယခုလို ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားကိုကျင်းပ ပေးခြင်းဖြစ်ကြောင်း၊ အဆိုပါ အောင်မြင်မှုကို ဆက်လက်ထိန်းသိမ်းပြီးလာမည့် ဒီဇင်ဘာလ (၉) ရက်နေ့မှ (၂၀) ရက်နေ့ထိ ကျင်းပပြုလုပ်မည့် အမျိုးသား အားကစားပွဲတော်မှာလဲ ဒီထက်အောင်မြင်မှုတွေပိုမိုရရှိအောင် အားကစားသမားများ ကော်မတီတာဝန်ရှိသူ များကပါ ဝိုင်းဝန်းကြိုးစားအားထုတ် ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် မွန်ပြည်နယ်ပိုက်ကျော်ခြင်းအသင်း အောင်ပွဲရ ဆုဖလားအား ပြည်နယ်အစိုးရအဖွဲ့သို့ ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်ကလက်ခံရယူပြီး မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် မွန်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့မှ ဂုဏ်ပြုငွေ စုစုပေါင်းကျပ် (၂၅) သိန်းအား ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက လည်းကောင်း၊ ရွှေတံဆိပ်ဆုရရှိသော ပိုက်ကျော်ခြင်းအသင်းအား ဂုဏ်ပြုငွေကျပ် (၅ဝ)သိန်းကို မွန်ပြည်နယ်ပိုက်ကျော်ခြင်း ဆပ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးတင်မျိုးသွင်ကလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ရာ အောင်ပွဲရ အမျိုးသမီး ပိုက်ကျော်ခြင်း အားကစားသမားများက လက်ခံရယူကြသည်။
ယင်းနောက် မွန်ပြည်နယ် ပိုက်ကျော်ခြင်းအသင်းနည်းပြ ဒေါ်နွယ်နွယ်ထွေးမှ ပြိုင်ပွဲအတွေ့အကြုံများကို ရှင်းလင်းတင်ပြပြီး မွန်ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းထိုက်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူး၍ ဆုရအားကစားသမားများအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)