ကျောက်ဖြူမြို့၌ (၂၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်းနှင့် ပိုစတာပြိုင်ပွဲကျင်းပ

ကျောက်ဖြူ ဇွန် ၂

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ (၂၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်းနှင့် ပိုစတာပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းရှိ စန္ဒကူးခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

ထိုသို့ (၂၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပြိုင်ပွဲများတွင် “မူးယစ်‌ရန်စွယ် အသွယ်သွယ် အန္တရာယ်ဟူသမျှ ရှောင်ရှားကြ” “မူးယစ်ဆေးဝါးကာကွယ်ရေး အသိပညာမြှင့်တင်ပေး” “မူးယစ်အဆိပ်ငွေ့ကင်းစင်မှ တိုးပွားရှင်သန် မျိုးဗီဇ” “ဉာဏ်ရည်လည်းရှုံး၊ လူညွန့်တုံး စည်းလုံးတိုက်ပစ်ထိုမူးယစ်” “လူ့ဘောင်သာယာလှပဖို့ နွေးထွေးပွေ့ဖက်ဖေးမလို့ မူးယစ်စွဲသူကူညီစို့" စသည့်ခေါင်းစဉ်အသီးသီးဖြင့် ကျင်းပပြုလုပ်ရာ အခြေခံပညာအထက်တန်းအဆင့်၌ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ (၅) ဦး၊ အခြေခံပညာအလယ်တန်းအဆင့်၌ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ (၁၄) ဦး၊ အခြေခံပညာမူလတန်းအဆင့်၌ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ (၁၇) ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၃၆)ဦးတို့မှ စိတ်ပါဝင်စားစွာဖြင့် ပါဝင်ယှဉ်ပြိုင်ကြပြီး တာဝန်ကျဆရာ၊ ဆရာမများက အနီကပ်ကြီးကြပ်ဆောင်ရွက်ခဲ့သည်။ ယင်းသို့ ကျောင်းသား၊ ကျောင်းသူများဝင်ရောက် ယှဉ်ပြိုင်နေမှုကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပညာရေးဌာနမှ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကာ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)