ကျုံပျော်မြို့တွင် “သဒ္ဓမ္မဇောတိကဓဇနှင့် မဟာသဒ္ဓမ္မဇောတိကဓဇ” ဘွဲ့ရရှိတော်မူသော ဒေါ်ကုသလဉာဏီအား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲပြုလုပ်

ကျုံပျော် ဇွန် ၂

နိုင်ငံတော်မှ ဆက်ကပ်သည့် သဒ္ဓမ္မဇောတိကဓဇဘွဲ့ တံဆိပ်တော်နှင့် မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်များရရှိသော ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့၊ ညောင်ပင်သာ (၃) လမ်း၊ သုဇနကာရီပရိယတ္တိ စာသင်တိုက်၏ ပဓာနနာယကဆရာကြီး ဒေါ်ကုသလဉာဏီအား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲ အခမ်းအနားကို  အဆိုပါ စာသင်တိုက်အတွင်း၌ ယနေ့နံနက် ၈ နာရီခွဲအချိန်က စတင်ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ကြွရောက်လာသော သံဃာတော် အရှင်သူမြတ်များ၊ သီလရှင်များနှင့် ဧည့်ပရိသတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး၊  တေးသံရှင် ရွှန်းလဲ့အောင်က ထူးမခြားနား တေးသီချင်းဖြင့်  ပူဇော်ခဲ့သည်။ ထို့နောက် မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဉာဏသီဟ  ထံမှ (၈) ပါးသီလခံယူဆောက်တည်၍  သံဃာတော်များထံမှ မေတ္တာသုတ် ပရိတ်တရားတော်များ နာကြားကြသည်။

ဆက်လက်၍ ဘဒ္ဒန္တပညာသီဟ ရှမ်းဘုရားဆရာတော်မှ ဂုဏ်ပြုပွဲနှင့်ပတ်သက်သည့်  ဩဝါဒကထာအား မြွက်ကြားချီးမြှင့်ပြီး၊ ကျုံပျော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက သာသနာရေးဆိုင်ရာ ကိစ္စရပ်များအား လျှောက်ထားခဲ့သည်။

ထို့နောက် သုဇနကာရီ ပရိယတ္တိစာသင်တိုက်မှ ဆရာကြီး ဒေါ်ကုသလဉာဏီထံသို့  မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်နှင့် သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်တို့အား ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေယျမင်းတို့မှ ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ ဓနုဖြူမြို့၊ သုခဝတီစာသင်တိုက်၊ ဆရာကြီး ဒေါ်နန္ဒာရီ (သာသနဓဇဓမ္မာစရိယ) မှ ဒေါ်ကုသလဉာဏီ၏ ဂုဏဝိသိဋ္ဌ ပူဇာသဘင်နှင့် ပတ်သက်သည့် သာရဏီယကထာ မြွက်ကြားပြီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အလှူရှင် အသီးသီးတို့က ကြွရောက်ချီးမြှောက်ကြတော်မူကြကုန်သော သံဃာတော်အရှင်သူမြတ်များနှင့် ဆရာကြီး ဒေါ်ကုသလဉာဏီတို့ထံသို့ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် ဒေါ်ကုသလဉာဏီ၏ အတ္ထုပ္ပတ္တိနှင့် ဂုဏပူဇာထုတိ ဝေဒလ္လဂါထာတို့ကို ဆရာကြီး ဒေါ်သာရဝတီနှင့် ဆရာကြီး ဒေါ်သံဝရဉာဏီတို့မှ  ရွတ်ဖတ်ပူဇော်ပြီး၊  တေးသံရှင်ရွှန်းလဲ့အောင် တေးဂီတအဖွဲ့က ထုတိဩဘာ မင်္ဂလာရတုပိုဒ်စုံနှင့် ရှစ်ဆယ်ပေါ်တေးထပ်ဖြင့် ရွတ်ဖတ်ပူဇော်ကြသည်။ ထို့နောက် အလှူရှင်အသီးသီးမှ ဂုဏဝိသိဋ္ဌ ပူဇာများ ဆက်ကပ်လှူဒါန်းကြရာ ဒေါ်ကုသလဉာဏီမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ယင်းနောက် ကျုံပျော်မြို့၊ အသောကာရာမကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ကေသရာစာရ ဆရာတော်ထံမှ အနုမောဒနာတရားနာကြားကြပြီး၊ လှူဒါန်းမှု အစုစုအတွက်  ရေစက်သွန်းချ အမျှပေးဝေကြကာ၊ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု (၃) ကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား အောင်မြင်စွာကျင်းပခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)