မိုင်းဆတ်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ခရိုင်/မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ဆောင်ရွက်

မိုင်းဆတ် ဇွန် ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ခရိုင်/မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် (၉) နာရီခွဲက အ.ထ.က(မိုင်းဆတ်) မြတ်ပညာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အ.ထ.က(မိုင်းဆတ်)မှ ကျောင်းသား၊ ကျောင်းသူလေးများက “မြန်မာ့ကျောင်း”  သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြသည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ကို ပညာရေးရည်မှန်းချက်အဖြစ် နိုင်ငံသားတိုင်း KG+Grade-9 အထိ မဖြစ်မနေပြီးမြောက်အောင် ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ သင်ကြားရေးအပိုင်းတွင် တာဝန်ယူဆောင်ရွက်နေကြသည့် ဆရာ/ဆရာများ၏ အတတ်ပညာစွမ်းဆာင်ရည်ပြည့်ဝဖို့ ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်လျက်ရှိသည့် ဘာသာရပ်များ၊ ပညာရပ်ဆိုင်ရာ အသိပညာများ၊ သင်ကြားမှု နည်းစနစ်များကို မျက်ခြေမပြတ် အစဉ်လေ့လာဆည်းပူးအားဖြည့်ရန် လိုအပ်ပါကြောင်း အမှာစကားပြောကြားခဲ့သည်။

ထို့နောက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့် အခမဲ့ဗလာစာအုပ်များ၊ ကျောင်းဝတ်စုံများနှင့် သင်ထောက်ကူပစ္စည်းများကို အမှတ် (၁၄) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ယာယီနည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ဝင်းကျော်သန့်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ ခရိုင်ပညာရေးမှူး ဦးအောင်ဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်တို့က ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။

အဆိုပါ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားသို့ အမှတ် (၁၄) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ယာယီနည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီးဝင်းကျော်သန့်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ ခရိုင်ပညာရေးမှူး ဦးအောင်ဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်၊ ခရိုင်/မြို့နယ်အဆင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့၊ ဆရာ/ဆရာမများနှင့် ကျောင်းအကျိုးတော်ဆောင် အဖွဲ့များ တက်ရောက်ခဲ့ကြပြီး အ.ထ.က(ခွဲ)(လ-၂) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများ က “ဇာတိမာန်” သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)