မိတ္ထီလာ ဇွန် ၂
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၌ ဘောင်ကြီးတင်စနစ်ဖြင့် တစ်ကွင်းတစ်စပ်တည်း စိုက်ပျိုးထားသော ဧက ၂၀၀ နွေနှမ်း(ဆင်းရတနာ ၄ မျိုး)စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေအား ယမန်နေ့ကစိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာရဲတင့်ထွန်းနှင့်တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း မိတ္ထီလာခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာရဲတင့်ထွန်းသည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ် ဘုရားဖြူကျေးရွာ ကွင်းနှစ်ကွင်းရှိ တောင်သူ ၈၈ ဦးမှ ဘောင်ကြီးတင်စနစ်ဖြင့် တစ်ကွင်းတစ်စပ်တည်း စိုက်ပျိုးထားသော ဧက ၂၀၀ နွေနှမ်း(ဆင်းရတနာ ၄မျိုး) စိုက်ခင်းများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ၎င်းစိုက်ဧကများမှ ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ဆီထွက်သီးနှံ နွေနှမ်းအထွက်နှုန်းတိုးတက်စေရေး၊ နွေနှမ်းရိတ်သိမ်းပြီးစီးပါက မိုးစပါးအချိန်မီ စိုက်ပျိုးနိုင်ရေး ကြိုတင်ပျိုးထောင်ထားရှိရေး၊ ဆောင်းသီးနှံပဲစိုက်ပျိုးရေး၊ ကင်းတားဆည်ရေသောက်ဧရိယာဖြစ်၍ တစ်နှစ်သုံးသီးစိုက်ပျိုးစေလျက် သီးထပ်စွမ်းအား တိုးတက်အောင်ဆောင်ရွက်ရေး၊ တောင်သူများလိုအပ်သော မျိုးကောင်းမျိုးသန့်မျိုးစေ့များရရှိရေး စိုက်ပျိုရေးဌာနမှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရေးတို့ကို လမ်းညွှန်မှာကြားခဲ့သည်။
မိတ္ထီလာခရိုင်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၌ မိတ္ထီလာခရိုင်တွင် ဆီထွက်သီးနှံဖြစ်သည့် နွေနှမ်းသီးနှံကို ဆည်ရေကန်ရေတို့ဖြင့် စိုက်ပျိုးဧက ၁၂၉၅၄ ဧကစိုက်ပျိုးသွားရန် သတ်မှတ်လျာထား၍ ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှစတင်၍ စိုက်ပျိူးပြီး နွေနှမ်းစိုက်ဧက ၁၃၄၅၇ ဧကစိုက်ပျိုးနိုင်ခဲ့ရာ သတ်မှတ်လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)