သထုံ ဇွန် ၂
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ငါးသယံဇာတများတိုးပွားပြီး ဒေသတွင်းငါးစားသုံးမှု ဖူလုံရေးအတွက် ယနေ့နံနက်က ငါးလုပ်ငန်းဦးစီးဌာနမှ ကော့သံကျေးရွာရှိ တံတားဖြူချောင်းအတွင်းသို့ ငါးသားပေါက်ကောင်ရေ သုံးသောင်းကို မျိုးစိုက်ထည့်ပေးခဲ့ကြသည်။
ငါးမျိုးစိုက်ထည့်ရာတွင် သထုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်း၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူး ဦးမင်းမင်း၊ ဌာနဆိုင်ရာများ၊ ငါးလုပ်ငန်းဦးစီးဌာနနှင့် ငါးလုပ်ငန်းစခန်း(သထုံ)မှ ဝန်ထမ်းများ၊ ရပ်မိရပ်ဖများ၊ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များက ငါးလုပ်ငန်းစခန်း(သထုံ)မှ ထုတ်လုပ်သည့် နှစ်လက်မနှင့်အထက် အရွယ်အစားရှိ ငါးခုံးမကြီး ကောင်ရေ (၂၀၀၀၀) နှင့် ရွှေဝါငါးကြင်း ကောင်ရေ (၁၀၀၀၀)၊ စုစုပေါင်း ငါးသားပေါက် ကောင်ရေ (၃၀၀၀၀) ကို တံတားဖြူချောင်းအတွင်းသို့ စုပေါင်းမျိုးစိုက်ထည့်ပေးခဲ့ကြသည်။
ယခုနှစ်တွင် မွန်ပြည်နယ်ရှိ မြစ်ချောင်းများ၊ ဆည်မြောင်းတာတမံများ စသည့်သဘာဝရေပြင်များသို့ ငါးမြစ်ချင်း၊ ငါးခုံးမကြီး၊ ရွှေဝါငါးကြင်း ငါးမျိုးများ သားပေါက်ကောင်ရေ (၇၆၀၀၀၀) ကျော်ကို အခမဲ့ မျိုးစိုက်ထည့်ပေးနိုင်ရန်လျှာထားပြီး လက်ရှိအချိန်အထိ ကောင်ရေစုစုပေါင်း (၄) သိန်းကျော်ခန့်အား မျိုးစိုက်ထည့်ပေးခဲ့ပြီးဖြစ်ကြောင်း ပြည်နယ်ငါးလုပ်ငန်းစခန်းမှ သိရသည်။
ခရိုင်ပြန်/ဆက်