ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးရေးအတွက် ကျောက်နီမွေးမြူရေးဇုန်အား ကွင်းဆင်းကြည့်ရှုစစ်ဆေး

တောင်ကြီး ဇွန် ၂

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် မေ(၃၁)ရက် နံနက်(၈)နာရီခွဲက တောင်ကြီးမြို့နယ်၊ ဆင်တဲကျေးရွာရှိ တောင်ကြီး-ရပ်စောက် သွားလမ်းပေါ်ရှိ ဆင်တဲတံတားကြံခိုင်မှု ပိုမိုကောင်းမွန်အောင် ပြုပြင်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေပြီး ပြည်နယ်လမ်းဦးစီးဌာနမှ ဆောင်ရွက်နေသော တောင်ကြီး-ရပ်စောက်သွားလမ်း မိုင်တိုင် အမှတ် ၁၀/၅-၁၁/၀ အကြား မိုးရာသီကာလအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်သည့်နေရာတွင် တာဘောင်မြင့်ခြင်း ဆောင်ရွက်နေမှုကို ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တောင်ကြီးမြို့နယ်၊ ကွန်လုံကျေးရွာအုပ်စု၊ စိုက်ပျိုးရေးဦးစီးဌာနပိုင်(ကျောက်နီစိုက်ကွင်း)အတွင်း မွေးမြူရေးဇုန်များ ဆောင်ရွက်ထားရှိမှုများနှင့်ပတ်သက်၍ ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့် မြို့နယ်ဦးစီးမှူးတို့ကရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ပြီး ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြည်နယ်မှူးက မွေးမြူရေးဇုန်အတွင်း လမ်းများဆောင်ရွက်ထားရှိမှုနှင့် ရေအရင်းအမြစ်ပြည်နယ်မှူးတို့က စက်ရေတွင်းတူးဖော်ထားရှိမှု၊ လျှပ်စစ်ဓါတ်အားရရှိရေးတို့ကို သက်ဆိုင်ရာဌာနများက ရှင်းလင်းကြကြောင်း သိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က မွေးမြူရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ လုပ်ငန်းရှင်များမှ လိုအပ်ချက်များတင်ပြမှုအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး မွေးမြူရေးဇုန်အတွင်းဆောင်ရွက်မည့် Super Seven Stars ကုမ္ပဏီမှ နို့စားနွားမွေးမြူမည့်အစီအစဥ်နှင့်ပတ်သက်၍ ရှင်းလင်းဆောင်ခန်းမ၌ ကုမ္ပဏီတာဝန်ရှိသူတစ်ဦးမှရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဆိုလာစနစ်ဖြင့် စက်ရေတွင်းမှ ရေတင်နေမှုနှင့်ဇုန်အတွင်း နို့စားနွားအတွက် စိုက်ပျိုးထားသော မြက်များ၊ စိုက်ခင်းများကို လှည့်လည်ကြည့်ရှုကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)