မောက်မယ်မြို့နယ် ပန်တောင်ရေထွက် (ရေပြာအိုင်) တွင် ရိုးရာဓလေ့ရေတောင်းပွဲကျင်းပ

မောက်မယ် ဇွန် ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ဟိုလွိုင်ကျေးရွာအုပ်စု၊ ပန်တောင်ရွာအနီးရှိ ပန်တောင်ရေထွက် (ရေပြာအိုင်) တွင် ရေတောင်းပွဲကို ရှမ်းရိုးရာဓလေ့ထုံးတမ်းစဉ်လာများအရ အဆိုပါရေထွက်တွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။ မောက်မယ်မြို့နယ်တွင် ရေထွက်များပေါများသဖြင့် နှစ်စဉ်ကဆုန်လအတွင်း နေရာဒေသ အသီးသီးကျေးရွာများအလိုက် ရိုးရာဓလေ့ရေတောင်းပွဲကို ကျင်းပပြုလုပ်ကြောင်း သိရသည်။

ထိုသို့ရေတောင်းပွဲကို နှစ်စဉ်ကျင်းပပြုလုပ်ရခြင်းမှာ ပန်တောင်ရေထွက် (ရေပြာအိုင်) မှ ထွက်ရှိလာသောရေသည် လယ်ယာမြေအတွက် လုံလောက်စွာပေးဝေနိုင်ခြင်း၊ မိုးလေဝသမှန်ခြင်း၊ ဆန်ရေစပါးနှင့် ကောက်ပဲသီးနှံပေါများကြွယ်ဝခြင်း၊ သီးနှံများတွင် ပိုးမွှားများဖျက်စီးသည့် ဘေးဒဏ်ကင်းခြင်းတို့အယူရှိကြပြီး မြို့နယ်အတွင်းရှိရပ်ကွက်နှင့် ကျေးရွာအုပ်စုရှိကျေးရွာများက ဒေသခံပြည်သူများနှင့် တောင်သူလယ်သမားများ တက်ရောက်ကာ ယမန်နေ့ နေ့လယ် (၁၁) နာရီတွင် ပင့်ဖိတ်ထားသည့် သံဃာတော်များအား နေ့လယ်ဆွမ်းနှင့် ဘောဇဉ်၊ ခဲဖွယ်၊ ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်း၍ ငါးပါးသီလခံယူ ပူဇော်ကန်တော့ကြပြီး ရေစက်သွန်းချအမျှပေးဝေကာ ရပ်ဝေးရပ်နီးမှ ကြွရောက်လာကြ သောဓမ္မမိတ်ဆွေများတို့အား ထမင်းထုတ်များဖြင့်မျှဝေခဲ့ကြပြီး နေ့လယ်ပိုင်းတွင် ရှမ်းအိုးစည်ဗုံမောင်းများတီး၍ လူဖိုင်း (ခေါ်) မီးရှုးလွတ်တင်ကြသည့် ဒေသခံရှမ်းတိုင်းရင်းသားများတို့၏ ဘိုးဘွားစဉ်ဆက်မိရိုးဖလာ အမူအကျင့်တစ်ခုပင်ဖြစ်ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)