ဗန်းမော်မြို့တွင် မြေနိမ့်ပိုင်းရပ်ကွက်များနှင့် ကျေးရွာများတွင် မြစ်ရေကြီးမှုအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အသိပေးလိုက်လံနှိုးဆော်

ဗန်းမော် ဇွန် ၁

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဗန်းမော်မြို့နယ် မီးသတ်ဦးစီးဌာနတာဝန်ခံ ဦးစည်သူအောင်နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်များ ပူးပေါင်း၍ ရေဘေးကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်မှုကို ယနေ့မွန်းလွဲ (၂) နာရီခွဲအချိန်မှစတင်၍ မြေနိမ့်ပိုင်းရပ်ကွက်များနှင့် ဧရာဝတီမြစ်ကမ်းနံဘေးတစ်လျောက်ရှိ ရပ်ကွက်များသို့ လှည့်လည်အသိပေးနှိုးဆော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါနှိုးဆော်မှုတွင် ဗန်းမော်မြို့အတွင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့နေ့လယ် (၁၂) နာရီခွဲအချိန် တိုင်းတာချက်အရ ဧရာဝတီမြစ်ရေသည် (၈၇၇) စင်တီမီတာသို့ ရောက်ရှိနေပြီး ဗန်းမော်မြို့၏ စိုးရိမ်ရေအမှတ်မှာ (၁၁၅၀) စင်တီမီတာ ဖြစ်ပါသောကြောင့် စိုးရိမ်ရေအမှတ်သို့ ရောက်ရှိရန် () ပေ ကျော်ခန့်သာ လိုအပ်တော့ကြောင်းနှင့် ဧရာဝတီမြစ်ရေသည် ဗန်းမော်မြို့၏ စိုးရိမ်ရေအမှတ်သို့ မရောက်ရှိမီ  မြေနိမ့်ပိုင်းရပ်ကွက်များနှင့် ကျေးရွာများတွင် နေထိုင်ကြသည့် ပြည်သူများအနေဖြင့် လူ၊ ပစ္စည်း၊ တိရိစ္ဆာန်များအား ဘေးလွတ်ရာနေရာသို့ ပြောင်းရွေ့ထားကြရန်နှင့်  ရေဘေးကြိုတင်ကာကွယ်ရေးအတွက်  ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြပါရန် အသိပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)