မြစ်ကြီးနား ဇွန် ၁
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အခြေခံပညာကျောင်းများ ဖွင့်ချိန်တွင် ကျောင်းသား/ ကျောင်းသူများ စိတ်အေးချမ်းသာ လုံခြုံစွာပညာသင်ကြားနိုင်ရေး အပတ်စဉ် စနေနေ့တိုင်း ကျောင်းများ ဥပဓိရုပ်ကောင်းမွန်ရေးအတွက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၇) နာရီက မြစ်ကြီးနားမြို့ပေါ်ရှိ အခြေခံပညာကျောင်းများအား စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က မြစ်ကြီးနားမြို့ ဧရာရပ်ကွက်အတွင်းရှိ လေ့ကျင့်ရေး အလယ်တန်းကျောင်းဝင်းအတွင်း ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့်အတူ ကျောင်းဝင်းအတွင်း စာသင်ဆောင်များအကြား မြေကွက်လပ်များရှိ ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းပေးခြင်း၊ သစ်ပင်ကြီးများ အလင်းဖွင့်ခုတ်ထွင်ပေးခြင်း၊ အမှိုက်များ ကောက်ယူခြင်း၊ ရေမြောင်းများ ရှင်းလင်းဆောင်ရွက်ခြင်း တို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဝန်ထမ်းများအား လိုက်လံနှုတ်ဆက်အား ပေးခဲ့ကာ ကျောင်းအတွက် ထောက်ပံ့ငွေများကို ချီးမြှင့်ခဲ့သည်။
အလားတူ အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်းသို့ ဆက်လက်သွားရောက်ပြီး ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာများ၊ စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများနှင့်အတူ ကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် မေ (၃၁) ရက် ညနေ (၃) နာရီကလည်း ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်၊ နယ်မြေ (၁၈) ရှိ မြစ်ကြီးနားဇုံနယ်လီဆူနှစ်ခြင်းသာသနာဝင်းအတွင်း ရွှေရတုခန်းမဆောင်သို့ ဝိုင်းမော် သာဂရရပ်ကွက်မှ ပြောင်းရွှေ့လာသည့် အိမ်ထောင်စု (၇၃) စု၊ လူဦးရေ (၂၈၇) ဦးတို့အား သွားရောက်တွေ့ဆုံသည်။
ထို့သို့တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်က မိသားစုများအနေဖြင့် အခက်အခဲ၊ လိုအပ်ချက်များ စွာရှိနေမည်ဖြစ်သော်လည်း မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အတတ်နိုင်ဆုံး အမိုး/ အကာဖြင့် လုံခြုံစွာနေထိုင်နိုင်ရေး ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လိုအပ်ချက် များကိုလည်း ရင်းနှီးပွင့်လင်းစွာ တင်ပြကြစေလိုကြောင်း အားပေးပြောကြားရာ အိမ်ထောင်စုများက လိုအပ်ချက်များကို တင်ပြဆွေးနွေးကြသည်။
တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး အိမ်ထောင်စုများ၏ သားသမီးကျောင်းသား/ ကျောင်းသူများအတွက် ကျောင်းသုံးဗလာစာအုပ်များကို ထောက်ပံ့ပေးအပ်ကာ မိသားစုများအား မုန့်များကို လိုက်လံဝေငှ ကျွေးမွေးခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ခေမာသီရိရပ်ကွက်၊ နယ်မြေ (၆) ရှိ တစ်ပါးကျောင်းတိုက်၌ ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာမှ ယာယီပြောင်းရွှေ့လာသည့် အိမ်ထောင်စု (၆၉) စု၊ လူဦးရေ (၃၃၂) ဦးတို့အား သွားရောက်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က အိမ်ထောင်စုများအား လိုအပ်ချက်များ၊ အခက်အခဲများကို ကူညီဆောင်ရွက်ပေးနိုင်ရေး ပွင့်ပွင့်လင်းလင်း တင်ပြကြရန်လိုကြောင်း အားပေးပြောကြားသည်။
ဆက်လက်၍ အိမ်ထောင်စုများက ပညာရေး၊ ကျန်းမာရေးစသည့် လိုအပ်ချက်များကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး အိမ်ထောင်စုများ၏ သားသမီးများအတွက် ကျောင်းသုံးဗလာစာအုပ်များကို ထောက်ပံ့ပေးအပ်ခဲ့ကြကာ မိသားစုများအား မုန့်များကို လိုက်လံဝေငှ ကျွေးမွေးခဲ့ကြသည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါး နော်ခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲသို့ တက်ရောက်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများသည် အစိုးရအဖွဲ့၏ ယန္တရားကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက် ပင်မကျောရိုးသဖွယ် နေ့/ညမ ပြတ်လုပ်ငန်းတာဝန်များကို ထမ်းဆောင်ကြသည့်အခါတွင် မိသားစုအခက်အခဲ၊ လူမှုရေးအခက်အခဲ၊ ရုံးလုပ်ငန်းအခက်များစွာကို ဖြေရှင်းဆောင်ရွက်နိုင်ရန် ယခုလို ဆန္ဒဖော်ထုတ်ပွဲများ ပုံမှန်ပြုလုပ်ခြင်းဖြင့် ကူညီဖြေရှင်းဆောင် ရွက်ပေးနိုင်မည်ဟု ယုံကြည်မိပါကြောင်း၊ သို့ဖြစ်ပါ၍ ဆန္ဒဖော်ထုတ်ပွဲကို တက်ရောက်လာကြသည့် ဝန်ထမ်းများအနေဖြင့် မိမိတို့၏ လိုအင်ဆန္ဒနှင့် လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်းတင်ပြနိုင်ပြီး တင်ပြချက်များအပေါ် စနစ်တကျ ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် အရာထမ်း/ အမှုထမ်းများအား ဌာနခွဲ၊ ဌာနစုများအလိုက် ဆွေးနွေးတင်ပြစေပြီး ပြည်နယ်ဝန်ကြီးချုပ်က ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများနှင့် ထောက်ပံ့ပစ္စည်းများကိုပေးအပ်ရာ ဆွမ်ပရာဘွမ်မြို့နယ်မှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ အပါအဝင် အမှုထမ်းဝန်ထမ်း (၅) ဦးတို့အတွက် တစ်ဦးလျှင် ဆန် (၅) ပြည်ပါ တစ်အိတ်စီနှင့် ဆီ (၅၀) သား၊ ကြက်သွန်နီ (၁) ပိဿာ၊ ပဲနီလေး (၁) ပိဿာနှင့် ငါးခြောက်တို့ကို လည်းကောင်း၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများမှ ကိုယ်ဝန်ဆောင်အမျိုးသမီးဝန်ထမ်း (၄) ဦးတို့အတွက် ထောက်ပံ့ငွေများကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့သည်။
ပြည်နယ်(ပြန်/ဆက်)