ပုဇွန်တောင် ဇွန် ၁
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ အမှတ်(၄)အခြေခံပညာမူလတန်းကျောင်းရှိ တေဇခန်းမ၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနားကို အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ လေးများက "ပြည်မြန်မာ" သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး ဗိုလ်တထောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်လွင်က မြို့နယ်ဂုဏ်ဆောင်မည့် ကျောင်းသား/ကျောင်းသူများအားလုံး ပညာတတ်ကြီးများဖြစ်လာစေဖို့ ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံကြဖို့ ပြောကြားခဲ့ပြီး၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်ခင်စန်းက အခမ်းအနားပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် ကျောင်းအပ်နှံမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး ဗိုလ်တထောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်လွင်မှ အထက်တန်းကျောင်းများအတွက် ကျောင်းသုံးဗလာစာအုပ်နှင့်စာရေးကိရိယာများ၊ ခရိုင်ပညာရေး မှူးဒေါ်ခင်သူဇာစိန်မှ ကျောင်းဝတ်စုံများ၊ ဗိုလ်တထောင်ခရိုင် မိခင်/ကလေးစောင့်ရှောက်ရေးနှင့် အမျိုးသမီးရေးရာအဖွဲ့မှ ဗလာစာအုပ်(၁၀)ဒါဇင်နှင့်ဘောပင်အချာင်း(၅၀)၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းလှိုင်မှ အလယ်တန်းကျောင်းများအတွက် ကျောင်း ဝတ်စုံများ၊ မြို့နယ်ပညာရေးမှူးမှ မူလတန်းကျောင်းများအတွက် ပုံနှိပ်စာအုပ်များ အသီးသီး ထောက်ပံ့ လှူဒါန်းခဲ့ကြရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ ကျောင်းသူလေးများမှ လက်ခံရယူခဲ့ပြီးနောက် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ လေးများက "ဇာတိမာန်" သီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဟန်စုယဉ်