သင်္ဃန်းကျွန်း ဇွန် ၁
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ကြားနိုင်ရေး ကျောင်းအပ်နှံရေးအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ သပြေခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အ.ထ.က(၁)ကျောင်းမှ ကျောင်းသား/သူလေးများက “ကျောင်းသွားကြမယ်” သီချင်းသီဆို၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး သင်္ဃန်းကျွန်းမြို့နယ် ပညာရေးမှူး ဦးသိန်းထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် အသက်ငါးနှစ်ပြည့်ပြီးတိုင်း ကျောင်းအပ်နှံရေးအတွက် ကျင်းပရခြင်းဖြစ်ကြောင်း၊ Grade-9 အောင်မြင်ပြီးသူ ကျောင်းသား/ကျောင်းသူတိုင်း အသက်မွေး၀မ်းကျောင်းပညာတစ်ရပ်အနေဖြင့် စက်မှုစိုက်ပျိုးရေးအထက်တန်းကျောင်းကိုတက်ရောက်နိုင်ပြီး ခရိုင်တစ်ခုတွင် စာသင်ကျောင်းတစ်ကျောင်းဖွင့်လှစ်ထားရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ သင်္ဃန်းကျွန်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအတွင်းရေးမှူး၊ ရဲမှူး ဦးစောမြိုင်အုံးက မြန်မာလူမျိုးတစ်ဦးက မိမိလူမျိုး၏စကားကို ကျွမ်းကျင်စွာ တတ်မြောက်ရမည်ဖြစ်ကြောင်း၊ ပညာတတ်မှ လူ့ပတ်၀န်းကျင်တွင် ၀င်ဆံ့မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် နိုင်ငံတော်မှအခမဲ့ထောက်ပံ့ပေးအပ်သော ကျောင်းသုံးပုံနှိပ်စာအုပ်များကိုလည်းကောင်း၊ ကျောင်းဝတ်စုံ၊ ဗလာစာအုပ်များနှင့် ခဲတံ၊ ဘောပင်များကို တာဝန်ရှိသူများမှ ပေးအပ်ခဲ့ပြီး အ.ထ.က(၁)ကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက “မြန်မာ့ကျောင်း” သီချင်းသီဆို၍ အခမ်းအနားအား ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သိန်းအောင် (သင်္ဃန်းကျွန်း)