ကော့မှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ လုပ်ငန်းညှိနှိုင်းအစည်း‌အဝေး ကျင်းပ

ကော့မှူး  ဇွန် ၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် တောင်ပိုင်းရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ကျေးရွာစာရေးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဒေဝကပြောကြားရာ တွင် ၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် စိုက်ဧကများအား တိုက်ရိုက်မျိုးစေ့ချကိရိယာ (Seeder) ဖြင့်စိုက်ပျိုးရန်၊ ကားလမ်းဘေးဝဲယာရှိ စံပြစိုက်ဧကများတွင်လည်း (Seeder)ဖြင့် စိုက်ပျိုးသွားရန်၊ မျိုးစေ့ချကိရိယာ(Seeder)များအသုံးပြု၍ သီးထပ်သီးနှံများစိုက်ပျိုးပါက ရရှိလာမည့် အကျိုးကျေးဇူးများကို တောင်သူများသိနိုင်အောင် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေသွားရန်၊ (Seeder)ဖြင့် စိုက်ပျိုးဧကစာရင်း၊ မြေပြင်ပြုပြင်မှုအခြေအနေနှင့် စိုက်ပျိုးပြီးစီးမှုစာရင်းအား အပတ်စဉ်သောကြာနေ့တိုင်းတင်ပြရန်၊ သီးထပ်စိုက်ပျိုးမည်တောင်သူများအနေဖြင့် ပျက်စီးဆုံးရှုံးမှုများမဖြစ်ပွားစေရေး မိုးလေဝသသတင်းအား နားထောင်ကြရန်၊ လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မရှိဘဲအခြားနည်းအသုံးပြုမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်ကြရန် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာကျောင်းတက်နိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရန်၊ ကျောင်းနေရမည့် ကလေးငယ်များအားလုံး ကျောင်းအပ်နှံနိုင်ရေး၊ ကျောင်းရောက်ရှိစေရေးဆောင်ရွက်ရန်၊ မိုးရာသီတွင်ရာသီတုပ်ကွေးနှင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် အခြေခံပညာကျောင်းများတွင် လက်ဆေးဘေစင်နှင့် Hand Gel များ ထားရှိပေးနိုင်ရေး သက်ဆိုင်ရာကျန်းမာရေးဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ကြရန်၊ မုန်တိုင်းအန္တရာယ်ကြောင့် သဘာဝဘေးနှင့်ပတ်သက်၍ ထူးကဲဒီရေတက်လာနိုင်သဖြင့် ရန်ကုန်မြစ်ဘေးနေထိုင်သူများအနေဖြင့် ရေကင်းသေချာထားရန်နှင့် သဘာဝဘေးဖြစ်စဉ်များပေါ်ပေါက်ပါက အချိန်နှင့်တပြေးညီတင်ပြရန်၊ အိမ်အကြောင်းအရာသန်းခေါင်စာရင်းပြုစုခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံးမှ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာသောဌာနဆိုင်ရာများက မိမိတို့ဌာနဆိုင်ရာများက ဆောင်ရွက်နေသည့်လုပ်ငန်းများအား ဆွေးနွေးခဲ့ကြပြီး အဆိုပါအစည်းအဝေးသို့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဒေဝနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ကျေးရွာစာရေးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်သူရ (ပြန်/ဆက်)