ဆီဆိုင် ဇွန် ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်း ပြန်လည်ဝင်ရောက်နေထိုင်သည့် ဒေသခံပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ တစ်လစာဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် (၉) နာရီခွဲအချိန်က ဇဝနာရာမပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက အမှာစကားပြောကြားရာတွင် အေးချမ်းလုံခြုံစွာရှိနေခဲ့သည့် ကျွန်တော်တို့၏ ဆီဆိုင်မြို့နယ်ကို မကြာသေးခင်ကာလတွင် အကြမ်းဖက်သောင်းကျန်းသူများက ရုတ်တရက်ဝင်ရောက် တိုက်ခိုက်ခဲ့သည့်အတွက် မလိုလားအပ်တဲ့ထိခိုက်ပျက်စီးမှုတွေ များစွာကြုံတွေ့ခဲ့ရကြောင်း၊ ဒေသခံပြည်သူများ ပြန်လည်ဝင်ရောက်နေထိုင်နိုင်ရေးအတွက် ဆက်သွယ်ရေးလိုင်းများပြင်ဆင်ခြင်း၊ အပျက်အစီးများကို ရှင်းလင်းခြင်း၊ မြို့ရေပေးဝေရေး၊ လျှပ်စစ်မီးရရှိရေး၊ ယာယီဈေးနှင့် စာသင်ကျောင်းများ အချိန်မီဖွင့်လှစ်နိုင်ရေး၊ ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အဦများနှင့် မြို့မဈေးပြန်လည်တည်ဆောက်ရေး စသည့်ပြန်လည်ထူထောင်ရေး လုပ်ငန်းများအား စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအခါ အေးချမ်းလုံခြုံမှု ရှိလာပြီဖြစ်သည့်အတွက် ဆီဆိုင်မြို့နယ်အတွင်း ပြန်လည်ဝင်ရောက်နေထိုင်ကြသည့် ပြည်သူများအား စာနပ်ရိက္ခာပြည့်စုံစေရန် ရည်ရွယ်ပြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ လူတစ်ဦးကို တစ်ရက်လျှင် ဆန်နို့ဆီဘူး (၂) ဘူးနှုန်းဖြင့် တစ်လစာ ဆန်ရိက္ခာ (၇) ပြည်ခွဲနှုန်း စတင်ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း၊ မြို့တည်ငြိမ်အေးချမ်းမှုကို ဖျက်လိုဖျက်ဆီး လုပ်လာနိုင်သည့် အကြမ်းဖက်သောင်းကျန်းသူများ၏ နှောက်ယှက်ဖျက်ဆီးလာနိုင်မည့် အန္တရာယ်များကာကွယ်ရေးနှင့် မြို့ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုလည်း ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြရန်လိုကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဆီဆိုင်မြို့နယ်အတွင်း ပြန်လည်ဝင်ရောက်နေထိုင်ကြသည့် ဒေသခံပြည်သူများအတွက် အမျိုသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ထောက်ပံ့ပေးအပ်သည့် ဆန်ရိက္ခာများအား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှုးကြီးကျော်သူရနှင့် တာဝန်ရှိသူများက ဒေသခံပြည်သူများလက်ဝယ်သို့ ဆက်လက်ထောက်ပံ့ပေးအပ်နိုင်ရေး ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ဆီဆိုင်မြို့နယ် အတွင်း ပြန်လည်ဝင်ရောက်နေထိုင်ကြသည့် ရပ်ကွက် (၆) ရပ်ကွက်နှင့် ကျေးရွာ (၆) ရွာတို့မှ စုစုပေါင်းဒေသခံပြည်သူ ဦးရေ (၈၂၀၆) ဦးတို့အတွက် ဆန်ရိက္ခာ လူတစ်ဦးကို တစ်ရက်လျှင် ဆန်နို့ဆီဘူး (၂) ဘူးနှုန်းဖြင့် တစ်လစာအတွက် စုစုပေါင်းဆန်အိတ် (၂၅၆၄) အိတ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)