နေပြည်တော် ဇွန် ၁
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ကျောင်းများပြန်လည်ဖွစ်လှစ်ချိန်တွင် ကျောင်းသား ကျောင်းသူများအေးချမ်းစွာ ပညာသင်ကြားနိုင်ရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေးအတွက် ပျဉ်းမနားမြို့နယ်၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဆရာ/ဆရာမများက ပတ်ဝန်းကျင်သန့်ရှင်းသာယာရေး၊ သစ်ပင်များအလင်းဖွင့်ခြင်း၊ ချုံနွယ် များ၊ ပေါင်းမြက်များ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။
ကြည့်ရှုအားပေးစဉ် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ကျောင်းဆောင်များ ဥပဓိရုပ်ကောင်းမွန် စေရေး၊ ကျောင်းအတွင်းအပြင် အမြဲသန့်ရှင်း သာယာလှပရေးကို အမြဲမပြတ်ဆောင်ရွက်ရမှာ ဖြစ်ကြောင်းနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် အဆိုပါကျောင်းရှိ ကျောင်းစာကြည့်တိုက်တွင် ကျောင်းသား/ ကျောင်းသူများ စာပေလေ့လာဖတ်ရှုနိုင်ရန် သုတရသစာအုပ်စာစောင်များထားရှိမှုကို ကြည့်ရှုအားပေးပြီး စာကြည့်တိုက်အတွက် ငွေပဒေသာပင်နှင့် စာအုပ်များ ကို ပေးအပ်လှူဒါန်းသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ ရန်ကုန်-မန္တလေးကားလမ်းဟောင်းဘေးရှိ မေတ္တာကန်သို့ရောက်ရှိပြီး ကန်အတွင်း ကြာပန်းပင်များ စိုက်ထည့်ထားရှိမှု၊ အများပြည်သူများ အပန်းဖြေအနားယူနိုင်ရန်ဆောင်ရွက်ထားရှိမှု၊ ကန်ပတ်ဝန် ကျင်တွင် ရာသီအလိုက်ပွင့်သည့် ပန်းပင်များ စိုက်ပျိုးထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး ကန်အတွင်းနှင့် ကန်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးကို အမြဲမပြတ်ဆောင်ရွက်ရေး၊ ပန်းပင်များ ရှင်သန်ရေးကို ဂရုစိုက်ဆောင်ရွက်စေလိုကြောင်းနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်းသို့ရောက်ရှိပြီး စာသင်ခန်းအလိုက် ဆရာ၊ဆရာမများနှင့် မိဘပြည်သူများက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းသား၊ကျောင်းသူများအား ကျောင်းအပ်နှံနေမှု ကျောင်းအပ်လက်ခံနေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။
ထို့နောက် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးက ကျောင်းသား ကျောင်းသူများအား ကျောင်းအပ်လက်ခံနေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပညာသင်ကြားခြင်းသည် ကလေးများ ၏ ဘဝရှေ့ရေးအတွက် အရေးအကြီးဆုံး လိုအပ်ချက်ဖြစ်ကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နိုင်ရန် ပညာရေးမြှင့်တင်မှုကို အလေးထားဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ကျောင်းနေ အရွယ်ကလေးတိုင်း ကျောင်းအပ်နှံနိုင်ရေးကို အလေးထားဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင် (KG+9) အခြေခံပညာအလယ်တန်းအဆင့် ပြီးဆုံးသည်အထိ ပညာသင်ကြားနိုင်ရန် ရည်မှန်းချက်ထား ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ (KG+9) အဆင့်ပြီးဆုံးသည့်အခါ အသက်မွေးဝမ်းကျောင်းပညာသင်ကြားမည့် ကျောင်းများသို့ ဆက်လက်တက်ရောက်နိုင်ပြီး လုပ်ငန်း ခွင်ဝင်ရောက်နိုင်သလို သတ်မှတ်အရည်အချင်းပြည့်မီပါက အဆင့်မြင့်ပညာများကို ဆက်လက်သင်ယူနိုင်မှာဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအားလုံး အလယ်တန်းဆင့် (Grade-9) ပြီးမြောက်အောင်မြင်ပါက စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး ပညာရပ်များကို သင်ယူလေ့လာခွင့်ရရှိနိုင်ရေးအတွက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း(၂)ကျောင်းကို ပျဉ်းမနားမြို့နယ်၊ အ.ထ.က(၁)နှင့် ပုဗ္ဗသီရိမြို့နယ်၊ အ.ထ.က (၂၀)တို့မှာ ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် လယ်ဝေးမြို့နယ်၊ အ.ထ.က (ပျံချီ)နှင့် တပ်ကုန်းမြို့နယ်၊ အ.ထ.က (MRTV) တို့တွင် တိုးချဲ့ ဖွင့်လှစ် သင်ကြားပေးမှာဖြစ်ကြောင်း၊ မိဘအုပ်ထိန်းသူများ၊ ရပ်ရွာလူထုများ၊ ဌာနဆိုင်ရာများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများကို ကျောင်းပညာရေးအပြင် ကျောင်းပြင်ပ အသိပညာ ဗဟုသုတများကို ဆည်းပူး လေ့လာနိုင်အောင် စီမံဆောင်ရွက်ပေးပြီး ဗလငါးတန်နှင့်ပြည့်စုံသည့် နိုင်ငံသားကောင်းများ ဖြစ်အောင်လေ့ကျင့်သင်ကြား ပြုစုပျိုးထောင်ကြရန်အတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ပုံနှိပ်များ၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံနှင့် ကျောင်းဝတ်စုံများ ပေးအပ်ရာ ကျောင်းသူ တစ်ဦးက လက်ခံရယူသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် အဆိုပါကျောင်းရှိ ကျောင်းစာကြည့်တိုက်တွင် ကျောင်းသား/ကျောင်းသူများ စာပေလေ့လာဖတ်ရှုနိုင်ရန် သုတရသစာအုပ် စာစောင်များထားရှိမှုကို ကြည့်ရှုအားပေးပြီး စာကြည့်တိုက်အတွက် ငွေပဒေသာပင်နှင့် စာအုပ်များကို ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)
(ထွန်းထွန်းဝင်း)