လှည်းကူးမြို့နယ် အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရေး ဆက်လက်ဆောင်ရွက်

လှည်းကူး ဇွန် ၁

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်၍ ပညာသင်ကြားနေချိန်တွင် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ သွေးလွန်တုတ်ကွေးရောဂါမဖြစ်စေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကိုဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ဆေးရုံမှကျန်းမာရေး ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များက သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ခြင်ဆေးမှုတ်ခြင်း၊ ရေကန်များအား အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ကြသည်။ အဆိုပါ ခြင်ဆေးဖျန်းခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို ကျောင်းဖွင့်ချိန်မတိုင်မီ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံးကို နေ့စဉ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

 အေးအေးနွဲ့(ပြန်/ဆက်)