ကျွန်းကုန်းကျေးရွာ၌ ၂၀၂၄ ခုနှစ်၊ မိုးစပါးရာသီတွင် အထွက်နှုန်းတိုးတက်ရေးနှင့် Seeder စနစ်ဖြင့် အပြည့်အဝစိုက်ပျိုးရေး စိုက်ပျိုးနည်းပညာပေးဆွေးနွေးပွဲ ကျင်းပ

လှည်းကူး ဇွန် ၁

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ မိုးစပါးရာသီတွင် တောင်သူများ စိုက်ပျိုးဧကအပြည့်အဝစိုက်ပျိုးရေး၊ စိုက်စနစ်မှန်ကန်စေရေး၊ အထွက်နှုန်းတိုးတက်ရေးအတွက် မျိုးစေ့ချကိရိယာ (Seeder)ဖြင့် အပြည့်အဝစိုက်ပျိုးနိုင်ရေး စိုက်ပျိုးနည်းများအား နည်းပညာပေးဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ (၂) နာရီက ကျွန်းကုန်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွဋ်နိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မြေစာရင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်ဆွေအေး၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစန်းအောင်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝါဝါအုန်း ဆည်မြောင်းဦးစီးဌာနမှ တာဝန်ရှိသူများတို့က စိုက်ပျိုးဧကအပြည့်အဝစိုက်ပျိုးနိုင်ရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ စပါးမျိုးစေ့ချကိရိယာ(Seeder)ဖြင့် စိုက်ပျိုးရေးဆိုင်ရာနည်းပညာများကို တောင်သူများအား အသိပညာပေးဆွေးနွေးပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးသည်။

ထို့နောက် တောင်သူများမှ သိလိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး အဆိုပါ နည်းပညာပေးဆွေးနွေးပွဲသို့ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ တက်ရောက်ကြောင်း သိရှိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)