ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဆီဆိုင်မြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းဆောင်ရွက်

ဆီဆိုင် မေ ၃၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၁ နာရီအချိန်က မြို့ရေပေးဝေရေး လုပ်ငန်းဆောင်ရွက်နေမှုနှင့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဝန်ထမ်းအိမ်ရာ ပြန်လည် ပြင်ဆင်နေမှုများအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်စည်ပင်သာယာရေးဌာနခန်းမတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးမှ မြို့ရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊  ဌာနဆိုင်ရာများ၊ မြို့ရေပေးဝေရေးကော်မတီဝင်များနှင့် တွေ့ဆုံ၍ ဒေသခံပြည်သူများ သောက်သုံးရေအမြန်ပြန်လည်ဖြန့်ဝေပေးနိုင်ရေး၊ မြို့ရေပေးဝေရေးလုပ်ငန်းများ စနစ်တကျရှိစေရေးတို့အတွက် တာဝန်ရှိသူများက မြို့ရေပေးဝေရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို အသီးသီးဆွေးနွေးတင်ပြကြပြီးနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် အကြမ်းဖက်သောင်းကျန်းသူများ ဝင်ရောက်ဖျက်ဆီးခဲ့မှုကြောင့် ပျက်စီးခဲ့သည့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ လေးထပ်တိုက်ဝန်ထမ်းအိမ်ရာအဆောက်အဦ(၂)လုံး ပြန်လည်ပြင်ဆင်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းအိမ်ရာပြင်ဆင်ခြင်းလုပ်ငန်းနှင့်ပတ်သက်၍ တာဝန်ရှိသူများအား လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။ အဆိုပါဝန်ထမ်းအိမ်ရာ ပြင်ဆင်ခြင်းလုပ်ငန်းသည် ဇွန်လ(ဒုတိယ)ပတ်တွင် ပြီးစီးမည်ဖြစ်ပြီး ဇွန်လ(တတိယ)ပတ်တွင် ဝန်ထမ်းများ ပြန်လည်နေရာချထားမည်ဖြစ်ကြောင်း သိရသည်။

နေမင်း(ဆီဆိုင်)